Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“မဟာမိတ် TNLA ကလည်း သူများထင်သလိုမျိုး ပြန်ဆုတ်မှာလည်း မဟုတ်ဘူး။ ကျနော် လုံးဝယုံကြည်တယ်။ ပြန်ပေးမှာ မဟုတ်ဘူး။ ပြန်‌ဆုတ်မှာ မဟုတ်ဘူး”

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်နဲ့မေးမြန်းခန်း

●ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်နဲ့မေးမြန်းခန်း

ကိုဘီဂျီ၊သတိုး/ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တောင်းခမ်းဒေသက စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့နားက ကံကြီးရွာကို ရောက်လာတယ်ဆိုတဲ့ သတင်းက ဒီရက်ပိုင်းအတွင်း လူပြောများတဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။

နောင်ချိုဒေသတိုက်ပွဲကိုတအာင်းတပ်မတော်(TNLA)ဦးဆောင်ပြီး ဓနုတပ်ဖြစ်တဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်နေတာပါ။

Public Service Announcement

Public Service Announcement

လတ်တလော စစ်တပ်စစ်​ကြောင်း​တွေကိုခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပါဝင်တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေး − ဓနုတပ်က ကျောက်ဂူ​ဒေသကဆိုတော့ ကျောက်ဂူဘက်မှာရော တိုက်ပွဲအခြေနေ ဘယ်လိုရှိနေလဲ။

ဖြေ − ကျောက်ဂူကတော့ လက်ရှိမှာက တိုက်ပွဲကတော့ ထွေထွေထူးထူးတော့မရှိဘူး။စစ်ကောင်စီတွေကတော့ ရွာထဲကိုဝင်ပြီး ရွာသားတွေကို မောင်းထုတ်နေတာတော့ရှိတယ်။ကျောက်ဂူပတ်ဝန်းကျင်မှာတော့။လောလောဆယ်ကတော့တော်တော်လေးငြိမ်တယ်လို့ပြောလို့ရမယ်။

မေး −နောင်ချိုနားက ကံကြီးရွာနားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ကြားပါတယ်။ တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ − သူတို့(စစ်ကောင်စီတပ်)က တိုးတယ်ဆိုတာထက် ထိုးတယ်ပေါ့။ သူထိုး ကိုယ်ထိုးပေါ့။ ဒါပေမယ့် ဟုတ်တယ်။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ မနေ့ကလည်းဖြစ်တယ်။တော်တော်များများနေရာတော့ဖြစ်တယ်။ အရမ်းကြီးမပြင်းတာပဲရှိတယ် ဒီရက်ပိုင်းက ။ ကံကြီးကို ကျွန်တော်တို့ဘက်က ပူးပေါင်းတပ်တွေပြန်ထိုးပြီးတော့ အဲဒီ့နောက်ပိုင်းတော့ ထိုးစစ်က နည်းတယ်။ အဆိပ်ငွေ့သုံးပြီးပစ်တာပဲရှိတယ်။ တိုက်ပွဲက ပါးပါးလေးပါပဲ။

မေး − စစ်တပ်က ကံကြီးရွာနားမှာလား။ ဘယ်နေရာမှာ ရောက်နေတာလဲ။

ဖြေ − ကံကြီးရွာတောင်ဘက်ပေါ့။

မေး − စစ်တပ်က တောင်းခမ်းကနေ နောင်ချိုကို ဘယ်လိုပုံစံနဲ့ ထိုးနေတာလဲ။ ကံကြီးရွာမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ကံကြီးအရှေ့ဘက်က နောင်ချိုကြီးရွာ နားမှာလည်းတိုက်ပွဲတွေဖြစ်နေတာ​တွေ့ရလို့ပါ။

ဖြေ − နောင်ချိုကြီးဘက်က တစ်ကြောင်းသပ်သပ်ရှိတာ။ ကံကြီးစစ်ကြောင်းနဲ့တော့ မတူဘူး။ အဲဒီဘက်က သပ်သပ်။ အဲဒီ့ဘက်မှာလည်း နောင်ချိုကြီးမြောက်ဘက်ဆို ရွှေသွန်းရွာပတ်ဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်တယ်။ မနေ့ကရော၊ ဒီမနက်ဖြစ်သေးတယ်။ တိုက်ပွဲက မပြင်းတာပဲ။ မကြာမကြာ‌ တော့ ဖြစ်တယ်။ မကြာမကြာဆိုတာလည်း နေ့တိုင်းလိုလိုဖြစ်တယ်ဗျ ရွှေသွန်းတကြောမှာကြတော့။

မေး − စစ်တပ်ကနောင်ချိုတိုက်ပွဲအတွက်မန္တလေး−ပြင်ဦးလွင်ဘက်ကနေလည်း စစ်အင်အားတွေပို့နေတယ်။ TNLAကလည်းစစ်အင်အားတိုးပြီးပြင်ဆင်နေတယ်လို့ကြားပါတယ်။ လက်ရှိမှာ နှစ်ဖက်တပ်တွေရဲ့ အခြေအနေက ဘယ်လိုမျိုးရှိနေတယ်လို့ ပြောရလဲ။

ဖြေ − တကယ်ကနောင်ချိုကကြတော့စီးပွားရေးအချက်အချာ၊ စစ်ရေးအချက်အချာပြီးရင် တရုတ်ထွက်တဲ့ လမ်းကြောင်းလည်းဖြစ်တော့သူတို့(စစ်တပ်)ကတော့မရမကထိုးစစ်ဆင်နေတာ။ ကျွန်တော်တို့လည်း သေသေချာချာ ခုခံတယ်။ ပြန်ထိုးတာတွေလည်း လုပ်တယ်။ ကျွန်တော်တို့လည်း ပြင်ဆင်နေပါတယ်အများကြီးပေါ့။ မဟာမိတ်တပ်တွေနဲ့ ပေါင်းပြီးတော့။

မေး −လတ်တ​လော အပြင်မှာသတင်းတွေပျံ့ခဲ့တာ PDFတွေကို TNLAက စစ်ကူတိုက်နေတာတွေ လက်မခံဘူးလို့ သတင်းတွေ ထွက်ခဲ့တယ်။ အဲဒါက အမှန်လား၊ မြေပြင်မှာ ဘယ်လိုရှိနေလဲ။

ဖြေ − အဲဒီဟာက မရှိဘူးဗျ။ မြေပြင်မှာတော့ လူထုတွေလည်း တွေ့ပါတယ်။ မဏ္ဍိုင်တွေတင်ရင်ပဲဖြစ်ဖြစ် အားလုံးအတူတူပဲ သွားလာနေကြတာ လူထုလည်းတွေ့တယ်ပေါ့။ ဒါကတော့ စကစရဲ့ ဝါဒဖြန့်တာကို ဂျင်းတကယ်မိကုန်တယ်ပေါ့။ ဒီသတင်းက သူတို့ဝါဒဖြန့်တဲ့အတိုင်း အောင်မြင်သွားတယ်ပေါ့။ပြီးကြ TNLA ကလည်း ဖြေရှင်းချက်ထုတ်တယ်။ ကျွန်တော်ကလည်း ဟို‌တစ်နေ့က ထွက်ပြောတယ်ဆိုတာနဲ့ ငြိမ်သွားပြီဗျ။ မြေပြင်မှာတော့ အဲဒီလိုကိစ္စမရှိထားဘူး။အစကတည်းက ဒီအချိန်အထိ အားလုံးကအတူတူရှိထားတယ်။ဒီအချိန်က ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီး‌တော့မှ အားစိုက်ရမယ့်အချိန် ပိုပြီး‌တော့မှ ညီညွှတ်ရမယ့်အချိန်ဆိုတော့ ဒိီဟာကိုသိတော့ စစ်ကောင်စီကတမင်ဝါဒဖြန့်တာကိုလူထုကနားယောင်သွားတာဖြစ်တာဗျ။

မေး −မန္တလေး PDFကလည်း လက်တလောမှာ နောင်ချိုကိုရောက်နေပြီး ပါဝင်ကူညီတိုက်နေတယ်ကြားလို့ အဲဒါရော အတည်ပြုပေးလို့ ရလား။

ဖြေ − အဲဒါက‌တော့ပုံမှန်လည်းသူကနဂိုကတည်းက ရှိနေတာဗျ။ မန်းတိုင်းကလည်းပါနေတယ်။

မေး − နောင်ချို−တောင်းခမ်းဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်က ရှေ့တိုးလာနေတော့ ဒေသခံတွေအပြင် တနိုင်ငံလုံးက ပြည်သူတွေကလည်း စောင့်ကြည့်စိုးရိမ်နေတာဖြစ်နေတော့ အဲအပေါ်မှာ ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ − အရမ်းကြီးလည်း စိုးရိမ်စရာမလိုဘူး။ ကျွန်တော်တို့လည်း ပြန်မပေးဘူး။ ကျွန်တော်တို့လည်းသေချာပြင်ဆင်ပြီး ခုခံ၊ ကာကွယ်နေတယ်ပေါ့။ အဲဒီလိုပဲ ပြောချင်ပါတယ်။ ပြောရခက်တယ်ပေါ့လေ တောင်းခမ်းကကြတော့လေ။

မေး − နောင်ချို − တောင်းခမ်းဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး ဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။

ဖြေ −ကျွန်တော့်အနေနဲ့ပြောရရင်မဟာမိတ်TNLA ကလည်း သူများထင်သလိုမျိုး ပြန်ဆုတ်မှာလည်းမဟုတ်ဘူး။ ကျနော် လုံးဝယုံကြည်တယ် ။ ပြန်ပေးမှာ မဟုတ်ဘူး။ ပြန်‌ဆုတ်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်းပြန်ဆုတ်မှာမဟုတ်ဘူး။ပြန်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း အတတ်နိုင်‌ဆုံး မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ကျွန်တော်တို့ သေချာလေးပြင်ဆင်ပြီးလုပ်နေပါတယ်လို့ ပြောချင်ပါတယ်ဗျ။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။