-လင်းဆက်ငြိမ်းချမ်းရေးသားသည်။
တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ၏ထောင်သက်အရှည်ဆုံးနိုင်ငံရေးသမားအဖြစ် ပြောစမှတ်တွင်ခဲ့သူတစ်ဦးရှိသည်။အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဖေဌေးဖြစ်သည်။စုစုပေါင်းထောင်သက်မှာ ၁၄ နှစ် ကျော်။ထောင်တင်မက ကျွန်းနှစ်ကျွန်းသို့ပါ ပို့ဆောင်ခြင်းခံရသူ။ သခင်ဖေဌေး၏ ထောင်တွင်းအစာငတ် ခံ တိုက်ပွဲအဆက်ဆက် ကိုရေတွက်လျှင်စုစုပေါင်း ၁၅၁ရက်ကြာအစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ။ထို့ ကြောင့်ပင်သံမဏိအလံနီကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
သခင်ဖေဌေး၏ ၁၄ နှစ်ကျော်ရှိသော စုစုပေါင်းထောင်သက်မှာဖဆပလခေတ်တွင် အံ့သြမင်သက်ဖွယ် သက်တမ်းဖြစ်ခဲ့သော်လည်းစစ်အစိုးရလက်ထက်ကျတော့ သူ့ထက်ကဲသောထောင်သက်များရှိလာသဖြင့် ၁၄ နှစ်ကျော်ဆိုသည်မှာ သိပ်ပါးစပ်အဟောင်းသားဖြစ်စရာမလိုသော ထောင်သက်ဖြစ်လို့လာသည်။
ကျနော်တို့ ခေတ်တွင် ထောင်တွင်း၁၄နှစ်ကျော်မကသော နိုင်ငံရေးသမားမနည်းသောအရေအတွက်ရှိသည်။ထိုအထဲ အထင်ရှားဆုံးကတော့ ဆရာဦးဝင်းတင်နှင့်(ကို)မင်းကိုနိုင်ဖြစ်သည်။

Public Service Announcement
ဦးဝင်းတင်ဆိုလျှင် စုစုပေါင်းထောင်သက် ၁၉နှစ်ကျော်။(ကို)မင်းကိုနိုင်ဆိုလျှင် စုစုပေါင်းနှစ်၂၀ကျော်။ဒီလောက်ကြာအောင်ထောင်ထဲထည့်ထား သည့် တိုင် သူ တို့မှာ တစ်ချက်ကလေးမျှမဖြုံ။သူတို့၏သံမဏိသားကို ပိုမိုမာကျောလာအောင် ဆေးတင်ပေးလိုက်သည့် နှယ်။ ထိုသို့သောမာဂုဏ်မြင့်သံမဏိကြီးများနှင့်ကျနော်ဆုံခဲ့ဖူးသည်။
သခင်ဖေဌေးကတော့ကျနော်မမွေးမီ ၅နှစ်လောက်ကတည်းကကွယ်လွန်သွားတာမို့ စာအုပ်ထဲမှ တစ် ဆင့်သာဆုံခွင့်ရခဲ့သည်။ဆရာဦးဝင်းတင်ကျတော့ တိတိပပဆုံခဲ့တာဆိုလို့ ဆရာမောင်ဝံသအိမ်၌ တစ်ကြိမ် သာဖြစ်သည်။ကျွန်တော်က ဂျာနယ်အတွက်ဆရာမောင်ဝံသထံမှဆောင်းပါးတောင်းရန်နှင့် မသိတာမေးရန် ရံဖန်ရံခါရောက်တတ်လေ့ရှိသည်။တစ်ရက်၊ဆရာမောင်ဝံသထံရောက်နေခိုက်ထောင်အမှတ်အသားအပြာ ရောင် အင်္ကျီဖြင့် ဆရာဦး ဝင်းတင်ရောက်ရှိလာ၍ အမှတ်မထင်ဆုံခြင်းဖြစ်သည်။ဆရာနှစ်ပါးပြောသည့်စကား ကိုနား ထောင်၊မသိ တာရှိလျှင်မေး။ကိုယ်လေးစားရသူနှစ်ဦးရှေ့မှာမို့ ကိုယ့်လက်တစ်ဆစ်ဖြတ်သန်းမှုလောက်ဖြင့်ထင် ရာမြင်ရာဝင်မပြောရဲ။ပြောရလျှင် အလိုလိုရှိန်နေရတာမို့ စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ်မရှိ။
(ကို)မင်းကိုနိုင်နဲ့ကျတော့ မျိုးဆက်တစ်ခုတည်း၊သူက ကိုယ့်အစ်ကိုကြီးအရွယ်မို့ သိပ်ရှိန်စရာမလို။ဟိုဟို ဒီဒီထင်မြင်ချက်ပေးရမှာသိပ်မကျွတ်။သို့သော်၊မင်းကိုနိုင်ဆိုတာက ဒီမိုကရေစီတော်လှန်ရေး၏အရေးကြီး ခေါင်း ဆောင်တစ်ဦး။ဒါ့ထက်ပိုအတင့်ရဲစွာ ကိုယ့်ယူဆချက်ကိုထပ်ပြောရမည်ဆိုပါက ဒေါ်အောင်ဆန်းစု ကြည်ပြီးလျှင် သူ။ဒီခေတ်မှာဒေါ်အောင်ဆန်းစုကြည်နောက်တစ်ယောက်မရှိနိုင်တော့သလို(ကို)မင်းကိုနိုင်ကလည်းနှစ်ယောက်မရှိသောသူ။
ထိုသို့သော ပုဂ္ဂိုလ်ကြီးကို ၁၉၈၈ခုနှစ်၊ရှစ်လေးလုံးအရေးတော်ပုံကိုထွန်းညှိရန် အရှိန်ယူနေသောကျောင်း သားလှုပ်ရှားမှုများထဲကပင် သိမှတ်စွဲလန်းခဲ့ရသည်။မင်းကိုနိုင်၊မိုးသီးဇွန်၊အောင်ဒင်။တော်လှန်မယ်၊အာခံမယ်ဆို သည့်ကျနော်တို့ အထက်တန်းကျောင်းသားတွေရဲ့ကြား (ကို)မင်းကိုနိုင်၏ရဲရဲတောက်ဝေါဟာရများက ကြက်သီး ထစေခဲ့သည်။သူ၏ဝေါဟာရများမှာ အနုပညာဓာတ်ပါသဖြင့် မင်းကိုနိုင်ဟေ့ ဆိုတာနဲ့ ဘာမှမပြောရသေး ခင်မှာ ပင်လက်ခုပ်သံတဖြောင်းဖြောင်း။သူကအဲသ လိုအဟောအပြောကောင်း၊စည်းရုံးရေးမှူးကောင်း။
စစ်တပ်ကအာဏာသိမ်းပြီး သိပ်မကြာလိုက်။ ၁၉၈၉ခုနှစ် မတ်လထဲ တွင် သူအဖမ်းခံလိုက်ရ သည်။စစ်တပ်ကအာဏာသိမ်းပြီးပြီးချင်းသူ တောခိုမယ်ဆို အလွယ်တကူထွက်သွားရန်အခွင့်အရေးရှိသော်လည်း လက်နက်ကိုင်တော်လှန်ရေးအ ပေါ် သူအာရုံညွှတ်ပုံမရ။ထို့ကြောင့်ပင်ရန်ကုန်တခွင် ရှောင်ရင်းတိမ်းရင်း သူယုံ ကြည်သည့် အကြမ်းမဖက်သောနိုင်ငံရေးဖြင့်အံတုရင်း အဖမ်းခံရခြင်းဟုနားလည်မိသည်။
ပထမအကြိမ်အဖြစ် ထောင်ထဲတွင် ၁၆နှစ်ကြာ၊ သူ၏လူငယ်ဘဝတစ်ခုလုံးကို ရက်ရက်ရောရောမြှပ်နှံ ခဲ့သည်။ စစ်အစိုးရက ၁၆နှစ်ကြာ ထောင်ထဲထည့်ထား ရုံမက အများနှင့်ဆက်ဆံခွင့်မရှိသောတိုက်ထဲတွင် ပိတ်လှောင်ထည့်ထားသည့်တိုင် သူ့ယုံကြည်မှုကို ယိုင်ရုံနဲ့ ရုံပင် ပြုလုပ်နိုင်စွမ်းမရှိ။ခွန်ပြည့်အားပြည့်၊သူ့စိတ်ဓာတ်လတ်လတ်ဆတ်ဆတ်ကြီးဖြင့် ထောင်ပြင်ပ ရောက် ရောက်ချင်းမှာပင် အချိန်မရွေးလာဖမ်းလှည့်ဟု စစ်အစိုး ရကို ရင်ကော့ပြလိုက်သလိုမျိုး ဒီမိုကရေစီတော် လှန်ရေး အတွက် သူရပ်ခံကာပြောချင်ရာပြေတော့ သည်။
သူစတင်ထောင်ကျစဉ်က အသက်၃၀ တောင်မပြည့်သေးသောအရွယ်။သူ့အရွယ်နှင့်သူ့ခေတ်အရ ဖြတ် သန်းစရာတော်လှန်ရေးတွေဘာတွေ မယ်မယ်ရရမရှိ။ပြောရလျှင် လုံလောက်သော နိုင်ငံရေးဖြတ်သန်းမှုနှင့်လေ့ လာမှုမရှိသေးသောအချိန်တွင် သူထောင်ထဲဝင်ရခြင်းဖြစ်သည်။ထောင်ထဲရောက်ပြန်တော့လည်း တိုက်ရောက် အခြားနိုင်/ကျဉ်းများထက် အကန့်အသတ်ပိုများသော တိုက်ထဲတွင် ဧကစာကျင့်ခဲ့ရသူ။အခြားနိုင်/ကျဉ်းများလို ဝါရင့်နိုင်ငံရေးသမားများထံမှလေ့လာဆည်းပူးရန်နှင့်အပြန်အလှန်မျှဝေဖြန့်ထွက်ရန်အခွင့်အလမ်းနည်းပါးတာ ကတော့သေချာသည်။ထို့ပြင် စစ်အစိုးရ၏အကြောက်ကြီးမှုအရ ဘယ်အချိန်ကျမှ ပြင်ပကမ္ဘာသို့ သူပြန်ရောက် မည်ဆိုတာမသေချာ။ထိုသို့သောအနေအထားတွင် သူ့ယုံကြည်မှုယိုင်နဲ့သွားခြင်းမရှိအောင် သူဘယ်လိုထိန်း သိမ်းနိုင်ခဲ့သလဲဆိုသည့်အပေါ် ကျနော်နားမလည်။ပါးစပ်အဟောင်းသားဖြင့် ဦးညွှတ်ရသည်။
၈၈ကာလ သူ့အ ပေါ် စွဲလန်းခဲ့တာက သူ၏ခွန်အား ပါသော မိန့်ခွန်း။နောက်ထပ်၊ထပ်စွဲလန်းရတာက သူ၏ယုံကြည်မှုခွန်အား။ထိုသို့သောအကြောင်းကြောင့်ပင် ၂၀၀၇ခုနှစ်သင်္ကြန်တွင် သူနဲ့ကျွမ်းဝင်ပြီးသားမိတ်ဆွေတစ်ဦးနှင့်အ တူ သူ့ထံသို့ရောက်ရှိခဲ့သည်။ထိုအချိန်တွင် ကျနော်က မဂ္ဂဇင်းစာမျက်နှာပေါ် လွှမ်းရုံ အမည်ဖြင့် ကဗျာရေးသားနေခဲ့ပြီမို့ ကဗျာဆရာတစ်ဦးအဖြစ် နိုင်/ကျဉ်းဖြစ်တယ်ဆိုရုံ ထောင်လေးဘာလေးနည်းနည်းကျဖူးသူအဖြစ်ကျနော့်မိတ်ဆွေကမိတ်ဆက်ပေးသည်။
တွေ့တွေ့ချင်းမှာပင် ဟန်လုပ်မထားသော သူ၏ဖော်ရွေမှုကို စတင်ခံ စားလိုက်ရသည်။လာသမျှဘယ်သူ့ကိုမဆိုရင်းနှီးဖော်ရွေစွာအားရ ပါးရပြောဆိုသည်။ပြီးတော့ ဖယောင်းနံ့သင်းသင်းသင်္ကြန်ထမင်း။ကျနော့်အတွက် ငတ်နေတာနည်းနည်းကြာပြီဖြစ်သော ကိုယ့်မွန်ရိုးရာသ င်္ကြန်ထမင်းကိုအမှတ်မထင်စားရတာမို့ ကိုယ့်အိမ်ကိုယ့်ယာလို စားပစ်မိသည်။ပြီးတော့၊ခဏတဖြုတ် စကား ထိုင်ပြောဖြစ်။
“ကျနော်က ခင်ဗျားတို့လို ကဗျာလေးစာ လေးရေးပြီးဘဝကိုအထိုင်ချချင်တာဗျ”ဟုသူက ဆို တော့ ယခင်ကြား ဖူးနားဝအရ သူ့အနုပညာအစွဲအလန်းကိုကျနော်သိရှိသော်လည်း သူ့ခံစားမှုအပေါ်ကျ နော် နားမလည်။ကဗျာရေးသူနှင့်ဆုံလို့ ထိုသို့ပြောတာများလားဟုပင် တွေးမိသည်။ပြန်တော့မယ်လို့ဆိုလိုက်တော့”ကျနော် ခေတ်ပေါ်ကဗျာတွေဖတ်ချင်တယ်ဗျာ”တဲ့။
နောက်တစ်ပတ်ခန့်ကြာတော့ တောင်ဥက္ကလာ၊ဝေဇယန္တာလမ်းမပေါ်ရှိ သူ့အိမ်သို့ ထပ်သွားကာ ကျနော့် ချွေးနည်းစာဖြင့်ဝယ်ထားသော ခေတ်ပေါ်ကဗျာစာအုပ်၁၄အုပ်ပေးလိုက်သည်။အဲဒီနောက်ပိုင်းမှာတော့ သူဦးဆောင်သော၈၈မျိုးဆက်တို့ အုံလိုက်ကျင်းလိုက်ရွေ့နေသည်ကို ဟိုတဖြတ်ဒီတဖြတ် ဖြတ်ခနဲတွေ့လိုက်ရုံမျှ။
နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံမှုက ၂၀၀၇ခုနှစ်သြဂုတ်၈ရက်၊ ဗဟန်းမြို့နယ်၊သိပ္ပံဘုန်းကြီးကျောင်း ၌ ၈၈မျိုးဆက်ဦးဆောင်ကျင်းပသည့် ရှစ်လေးလုံးအခမ်းအနားတွင်ဖြစ်သည်။နိုင်ငံရေးနှင့်စာပေရပ်ဝန်းမှအများအ ပြားတက်ရောက်ကြသည့်အခမ်းအနားဖြစ်သည်။ကျနော်တို့ကဗျာဆရာတစ်သိုက်ရောက်ရှိသွားချိန်မှာတော့ (ကို) မင်းကိုနိုင်က
”ခင်ဗျားတို့ကဗျာဆရာတွေ ကဗျာရွတ်ကြပေးပါဦး”ဟုဖိတ်ခေါ်သည်။
ဟိုရောက်မှသိရသည့်အစီအစဉ်။ရှစ်လေးလုံးအခမ်းအနားတွင် ရွတ်မည့်ကဗျာမို့ နိုင်ငံရေးဓာတ်ပါသော ကဗျာဖြစ်ဖို့လည်းလိုမည်။ကဗျာဆရာတော်တော်များများက ကိုယ့်ကဗျာကိုယ် အလွတ်ရယ်မရ။ကဗျာဆရာမောင်တင်သစ်(ယခုဒီချုပ်ပြည်သူ့လွှတ်တော်အမတ်)က သူ့ကဗျာတိုတစ်ပုဒ်ကိုရွတ်သည်။
ကျနော်ကမုံရွာ ထောင်ထဲမှာကတည်းက အလွတ်ရခဲ့သော ပါပလိုနီရူဒါ၏ “ပြည်သူ့အလံတော်”
(စာရေးဆရာကျော်ဝင်းဘာသာ ပြန်)ကဗျာရှည်ကိုရွတ်သည်။ထိုကဗျာကိုနီရူဒါကစစ်ပြီးကာလတွင်ရေးခဲ့ခြင်းဖြစ်သည်။အာဏာရှင်လက်အောက် မှ ချီလီပြည်ကိုကြည့်ကာ အာဏာရှင်များကို စိန်ခေါ်ထားသည့်ကဗျာ။ စစ်အစိုးရလက်အောက်မြန်မာ နိုင်ငံနှင့် အမွှာဟုပြောရလောက်အောင်တည့် တည့်တူနေသောကဗျာ။ရန်/ငါစည်းက ပြတ်ကိုပြတ်ရမည့်အချိန်မို့ ကျနော် ရွတ်ဆိုခဲ့သည်။
သွေးကြီးလွန်းလို့ရွတ်ဆိုဖြစ်တာတော့မဟုတ်။ကိုယ့်လူတွေကထူထူမို့ သွေးနားထင်ရောက်ပြီး ရှေ့မ ကြည့်နောက်မကြည့်ရွတ်ဆိုခဲ့ခြင်းဖြစ်သည်။(ကို)မင်းကိုနိုင်က အခုလိုကဗျာရွတ်ဆိုခြင်းအပေါ် ကျေးဇူးတင် ကြောင်းလာပြောသည်။ရှစ်လေးလုံးအခမ်းအနားအပြီး သိပ်မကြာ။အခြေအနေမဟန်တော့မှန်းသိလာသဖြင့် ဇာတိမြေဆီသို့ ကြောက်ကြောက်နဲ့ကျနော်ပြေးတော့သည်။
၈၈မျိုးဆက်ကတော့ သူတို့အလံသူတို့ မြဲမြံစွာ။သိပ်မကြာသည့်အချိန်မှာပင် လောင်စာဆီဈေးမြင့်တက်မှုအပေါ်အခြေခံကာ (ကို)မင်းကိုနိုင်ကိုယ်တိုင် လမ်းမပေါ်ထွက်တိုက် တော့သည်။(ကို)မင်းကိုနိုင်အတွက်တော့ဒုတိယအကြိမ်မြောက် ထောင်ထဲပြန်ဝင်ခြင်းဖြစ်သည်။စစ်အစိုးရက ဘာ ကိုမှမဖြုံသော(ကို)မင်းကိုနိုင်ကို ထောင်ဒဏ် ၆၅ နှစ်နှင့်၆လချသည်။နယ်စွန်နယ်ဖျား ကျိုင်းတုံထောင်သို့ပို့ဆောင် သည်။ဒီတစ်ခေါက်ကတော့ အရင်လောက်မကြာ။၂၀၁၂နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်လာသည်။
ကျနော်ကတော့ သူနဲ့မဆုံဖြစ်။သို့သော်၊သူ့အသံနောက် အဆက်မပြတ်အောင်လိုက်ကာ သူခြယ်သ နေသော သူ့ရုပ်ပုံလွှာကို ကိုယ့်ထင်မိသလို ပုံဖော်ကြည့်မပျက်ဖြစ်သည်။သူ့ဝတ္ထုတွေထွက်လာတာတွေ့ရသည်။ တစ်ခါတရံ မဂ္ဂဇင်းအချို့တွင် သူ့စာနှင့်ကျနော့်ကဗျာ အတူပါလာတာမျိုးလည်းရှိသည်။မခေသောလူပျိုကြီးတစ်ယောက်ဖြစ်ကြောင်း မိန်းမငယ်ငယ်ချောချောယူကာ လက်ခမောင်းခတ်ပြသည်။ဒီလောက်နာမည် ကျော်တစ်ဦး ၏မင်္ဂလာပွဲက အင်မတန်မှ ရိုးရှင်းလှသည်ကိုကျနော်ခိုက်သွားသည်။စာ၊ကဗျာ၊ဆေးစက်နှင့်ချိုသော အပြုံးမှာ သူမက်ခဲ့သောအိပ်မက်လေလားတော့မသိ။
သို့သော်၊ကျနော်သိသော(ကို)မင်းကိုနိုင်ကတော့ နိုင်ငံရေးသမား(ကို)မင်းကိုနိုင်။သူ၏နိုင်ငံရေးသြဇာ ကကြီးလွန်းတာကြောင့်လားမသိ။သူ့အနုပညာကို သူ့နိုင်ငံရေးလိုမစွဲ။၂၀၁၅ရွေးကောက်ပွဲအပြီး ဒီချုပ် အနိုင် ရပြီးနောက် နိုင်ငံရေးအာဏာတစ်နေရာရာဆုပ်ကိုင်ထားသော(ကို) မင်းကိုနိုင်အဖြစ် ကျနော်စိတ်ကူးယဉ်ခဲ့ သေးသည်။သူလို တိုင်းပြည်အတွက်စိတ်ချရသူတစ်ယောက်ကို အာဏာနိုင် ငံရေးလမ်းကြောင်းပေါ်တက်ကာ တိုင်းပြည်ခေါင်းဆောင်တစ်ဦးအဖြစ် မြင်တွေ့လိုမိသည်။ပြောရလျှင် နိုင်ငံရေး ကိုတရားဝင်လက်ထပ်ပေါင်း သင်းသူတစ်ယောက်အဖြစ်။ အတည်မပြုနိုင်သောသတင်းများအရ အစိုးရကဖွဲ့စည်း အပ်နှင်းနိုင်သော ကော်မရှင် တစ်ရပ်၏အကြီးအကဲအဖြစ်တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။
သူကတော့ သူ့မူနဲ့သူ။အာဏာအငွေ့အသက်လုံးဝကင်းစင်သော၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)အဖြစ်သာ ရပ်သည်။သူ၏နိုင်ငံရေးရည်ရွယ်ချက်မှာ သူ့အဖွဲ့အစည်းခေါင်းစဉ်အတိုင်း တိုင်းပြည် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းသောလူ့အဖွဲ့အစည်းတစ်ရပ်ထွန်းကားလာရေးဟုထင်၏။ယင်းသို့သောတိုင်းပြည်ဖြစ် ထွန်းလာရေးအတွက် ၂၀၁၅ရွေးကောက်ပွဲတွင် ဒီချုပ်အနိုင်ရရှိရေး သူဝင်ထမ်းခဲ့သည်။ပြည်သူရွေးချယ်ခံအစိုးရ က တိုင်းပြည်ဖွံ့ဖြိုးအောင်မဆောင်ရွက်နိုင်သလိုမျိုး ပုံဖော်နေသူများရှိနေကြောင်းအဖျက်အမှောင့်များကြုံရ တိုင်း ပြည်သူထံ သူ မောင်းခတ်သည်။ ငြိမ်းချမ်းရေးကို ဘယ်သူနဲ့မှမတူ ရူး မတတ်ချစ်မိပါကြောင်း ကိုယ့်ကိုယ် ကိုယ်ကြော်ငြာမထိုးဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ သူ့တနိုင်ကြဲပက်လျက် ရှိသည်။သူမျှော်လင့်ချက်မရောက်မ ချင်း ဒီဝန်ကို မလျှော့တမ်းထမ်းမည့်သဘော။
(ကို)မင်းကိုနိုင်သည် တိုင်းပြည်အတွက်၊ထို့အတွက်အာဏာမလို။ပေးသော်လည်းမယူ။ထို့ကြောင့်ပြည်သူမ ပေးသောအာဏာကို ဘိုးဘွားပိုင်ပစ္စည်းလို ငမ်းငမ်းတက်နေသူများအတွက် (ကို)မင်းကိုနိုင်ဆိုသည် သူတို့ကို ဟား တိုက်နေသလိုမျိုး ဖြစ်နေတာကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံသာဖြစ်သည်။
(ကို)မင်းကိုနိုင်ဘာလဲဆိုသည်ပြည်သူကကောင်းကောင်းသိကြသည်။သူ့ဘဝတစ်ခုလုံး ထောင်ထဲမြှုပ်နှံခဲ့ ခြင်းတွင် သူ့အတွက်ဘာမှမပါကြောင်း ပြည်သူတို့၏နှလုံးသားထဲ စွဲထင်ပြီးဖြစ်သည်။(ကို)မင်းကိုနိုင်သည် တိုင်းပြည် အတွက်သူ့ရှိသမျှ ပုံပေးပြီးဖြစ်လာသည့်နာမည်။ဘယ်သူကမှ အပတ်တကုပ်ချေဖျက်လို့လည် မရသောအမည် ဖြစ်သည်။
ထို့ကြောင့်မင်းကိုနိုင်အဓွန့်ရှည်ပါစေကြောင်းကျနော်တို့ ဆုတောင်းပေးစရာမလိုဟုယုံကြည်ပါသည်။ ။
(ဆောင်းပါးရှင်လင်းဆက်ငြိမ်းချမ်းက ပြည်သူ့အရေးဂျာနယ်အတွဲ(၄) ၊အမှတ်(၁၇၄) မှာရေးသားဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။ဦးမင်းကိုနိုင်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံမှ နွေဦးတော်လှန်ရေးအထိ ပြည်သူနဲ့အတူရပ်တည်လျက်စစ်အာဏာရှင်များကို နောက်မတွန့်ဘဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လူထုလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေမှုများအတွက် ၁၇ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့တဲ့နေ့မှာ ဆောင်းပါးကိုပြန်လည်ဖော်ပြတာဖြစ်ပါသည်။)
















































