မေ-၂၃၊၂၀၂၆။ဟာနာဆန်/People’s Spring
၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းလူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေကြသူတွေ၊ ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်ဖြစ်လာစေဖို့ ကြိုးစား တည်ဆောက်နေသူတွေ အပါအဝင် နိုင်ငံသားတွေ နဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်သူတွေကို ၂၀၁၀ခုနှစ်မှ စတင်ပြီး ပြည်သူ့ဂုဏ်ရည်ဆုတွေ ဂုဏ်ပြုခဲ့ရာမှာ ဒီနှစ်အတွက်ဆုပေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပစဥ် ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်း မဲဆောက်ဌာနခွဲ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဦးတင်မောင်လေး(ခ) ဦးကိုလေးက ဆုကြေညာခဲ့ရာမှာ “မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို သိမ့်သိမ့်တုန်အောင် ပြောင်းလဲစေခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးကစလို့ နွေဦးတော်လှန်ရေးအထိ တိုက်ပွဲရှည်ကြီးတလျှောက် စစ်ကျွန်မခံ တွန်းလှန်တိုက်ပွဲဝင်ရင်း ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ခဲ့သူ၊ အကျဥ်းစံကာလ နှစ်ပေါင်းများစွာကို ယုံကြည်ချက် ခိုင်မာစွာနဲ့ ပေးဆပ်ရဲရင့်ခဲ့သူ၊ ယနေ့အချိန်ထိ တော်လှန်ရေးကတဖဝါးမခွာခိုင်မာသောစိတ်ဓာတ်၊ အညံ့မခံသော ဦးဆောင်မှုတို့နဲ့ ပြည်သူလူထုအတွက် အမှန်တရားကို မျက်နှာမူ ရပ်တည်နေသူတစ်ဦးကို အပြည်ပြည်ဆိုင်ရာ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများနဲ့ ဖွဲ့စည်းထူထောင်ထားတဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကြီးရဲ့ ၂၀၂၆ ခုနှစ် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ ရွေးချယ်ထားပါတယ်ခင်ဗျာ။ အဲဒီပုဂ္ဂိုလ်ကတော့ ဦးမင်းကိုနိုင်ပဲ ဖြစ်ပါတယ်ခင်ဗျား”လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
ဂုဏ်ပြုဆုငွေအဖြစ် အမေရီကန်ဒေါ်လာ တစ်သောင်းချီးမြှင့်မယ်လို့ ပြည်သူ့ဂုဏ်ရည်က ကြေညာပါတယ်။
ဦးမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
၈ လေးလုံး လူထုလှုပ်ရှားမှုမှာ ဦးဆောင်သူတွေထဲ ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ စစ်တပ်က ဖမ်းဆီး အကျဥ်းချခဲ့ပါတယ်။၂၀၁၂-ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ယနေ့အထိ ပြည်သူလူထုနဲ့ရပ်တည်ကာ နွေဦးတော်လှန်ရေးကို ဦးဆောင်နေပါတယ်။
ဦးမင်းကိုနိုင်ဟာ ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှုရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခံခဲ့ရပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေနဲ့ အဝေးရောက်မြန်မာတွေ စုစည်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၂၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၄ ခုနှစ်မှာ နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သောလူငယ်တွေရဲ့ တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်မှုများ၊ ၂၀၂၃ ခုနှစ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူ့ကာကွယ်ရေး စစ်သည်တော်များ (PDF)၊၂၀၂၁ ခုနှစ်မှာ မြန်မာ့ နွေဦးတော်လှန်ရေးကြီးတို့ကို ဆုချီးမြှင့်ခဲ့ပါတယ်။
















































