ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ကချင်ရိုးရာအရ အိမ်သစ်တက်ပွဲ ပြုလုပ်မည့် နေအိမ်တစ်ခုသို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်း သေနတ်ပစ်ဖောက်ပြီး အဆိုပါနေအိမ်ရှိနေသူများကို ဖမ်းဆီးသွားကြောင်း မိုင်းနားဒေသခံအချို့က ပြောသည်။
ကချင်ဒေသအခြေစိုက် သတင်းဌာန The 74 Media တွင် ယင်းဖြစ်စဉ်ကို ဖော်ပြထားရာ ယနေ့ ဇူလိုင် ၁ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်များ နေအိမ်သို့ ဝင်လာပြီး ကလေးငယ်၈ဦး နှင့် လူကြီး ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။
ယင်းနှင့်ပတ်သက်၍ မိုင်းနားရပ်ကွက်၌ နေထိုင်သူ တစ်ဦးက “ကျွန်တော်တို့ တောင်မှ ဖိတ်စာပေးလို့ ဒီမနက်သွားမလို့ စီစဉ်နေတာ အဲဒီသတင်းကြားလိုက်ရတာ။ မနေ့ညက ကျွန်တော်တို့ ကချင်ရိုးရာအရဆိုရင်တော့ ဒီအိမ်သစ်တက်မှာ ဆိုရင်တော့ အမျိုးတွေ အကုန်လုံးလာကြတယ်လေ။ အမျိုးတွေက ဒီ ကော်ညှင်းပလိုင်း၊ ရိုးရာပလိုင်းနဲ့လာပြီးမှ ဂုဏ်ပြုတာပေါ့။ အဲဒီလိုမျိုးဆိုတော့ လူနည်းနည်းတော့ စုလိမ့်မယ်” ဟု ပြောသည်။
အရေ အတွက် မည်မျှဖမ်းသွားသည်ကိုမူ ၎င်းအနေဖြင့် အတိအကျ မသိဟု ပြောသည်။
မိုင်းနားကျေးရွာအနီးရှိ စစ်ရှောင်ပြည်သူတစ်ဦးကလည်း ယနေ့မနက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများ ကြားရ၍ စခန်းအပြင်ဘက်သို့ မထွက်ရဲကြောင်း ပြောသည်။

Public Service Announcement
