ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းဟာ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးတွေကို တက်ရောက်ခဲ့တယ်လို့ နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအစည်းအဝေးတွေ ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအပြီးမှာ အထွေထွေညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံတွေကို ရွေးချယ်ခန့်အပ်ခဲ့ပြီး ကော်မတီ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ တောင်အာဖရိက၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်ပါတယ်။
ဆက်လက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးတွေကို တက်ရောက်ခဲ့တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။

Public Service Announcement
လက်ရှိအချိန်အထိ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုလက်ခံထားပြီး အကြမ်းဖက်စစ်ကောင်စီက အဆိုပြုတဲ့ ဗိုလ်မှူးကြီးအောင်သူရိန်ကို အသိအမှတ်ပြုလက်ခံခြင်းမရှိသေးပါဘူး။
ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရေးအတွက် အဆိုပြု လျှောက်ထားမှုပြုလုပ်ထားပြီး အထွေထွေညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီ(Credentials Committee)နဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတို့က အခုတစ်ကြိမ်ညီလာခံမှာ အဆုံးအဖြတ် ပေးရဖို့ရှိနေပါတယ်။

ဝါရှင်တန်အခြေစိုက် ဩဇာကြီး Foreign Policy မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ စစ်ကောင်စီကို ညီလာခံတက်ရောက်ခွင့်မရဖို့ အမေရိကန်နဲ့ တရုတ်တို့က သဘောတူညီချက်ရရှိထားပြီး အနည်းဆုံး နိုဝင်ဘာလအထိ မြန်မာကိုယ်စားပြုထိုင်ခုံအဆုံးအဖြတ်ကို ရွှေ့ဆိုင်းထားဖို့ရှိတယ်လို့ ဆို ပါတယ်။
ကုလသမဂ္ဂက ဆုံးဖြတ်ချက်တစုံတရာမချမှတ်ခင်အချိန်အထိ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလ သမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။


















































