ဟသ်ာတမြို့ရှိ ရပ်ကွက်အချို့မှာ ယမန်နေ့ (အောက်တိုဘာ၄ရက်)ညက ဗုံးပေါက်ကွဲသံ ငါးကြိမ်ထက်မနည်းရှိခဲ့သလို သေနတ်ပစ်ခတ်သံအချို့ပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၇နာရီခန့်မှာ ပေါက်ကွဲသံငါးကြိမ်ကြားရပြီး ရုံးကြီးရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံရုံးတွေအနီးမှာပါ ဗုံးပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။
“ထွေအုပ်ရုံးကို ချတာလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာ သေနတ်ပစ်ခတ်သံတွေပါ ကြားရပြီး စစ်ကောင်စီဘက်က ကြောက်လန့်ပြီး ရမ်းသမ်းပစ်နေတာလို့ ရုံးကြီးရပ်ကွက်နေသူတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်တွေထိခိုက်မှု ရှိ ၊မရှိ ၊ပျက်စီးမှုရှိ ၊မရှိကိုတော့ မသိရသေးပါဘူး။
ဧရာဝတီတိုင်းဒေသကြီး ဟသ်ာတမြို့မှာ ပြီးခဲ့တဲ့လကလည်း မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီရုံးတွေကို ပစ်မှတ်ထားတဲ့ မနေ့ည ဖောက်ခွဲမှုတွေကိုတော့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။