အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာလိုက်သည်။
ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသော CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအကြား ဖြစ်ပေါ်လာမည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ CDM မပြုလုပ်ရသေးသော ရဲတပ်ဖွဲ့ဝင်များအား CDM နှင့် Pre CDMများ ပြုလုပ်လာစေပြီး အနာဂတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထိုသို့ ဖွဲ့စည်းနိုင်ရန် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန နှင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် CDM ပြုလုပ်ထားသည့် ရဲများစုဖွဲ့စည်း ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းကာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအပါအဝင် ရဲလုပ်ငန်းအချို့ စတင်ဆောင်ရွက်လျက်ရှိသည်။
