Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကိုတိုက်ရန် EAO များစုစည်းနိုင်အောင်လုပ်ရမည်ဟု KNPPစစ်ဦးစီးချုပ်ပြော၊ လက်တွေ့တွင် ကချင်၊ ချင်း၊ KNUနှင့် ကရင်နီတို့သာတိုက်နေဟုဆို

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်ပွဲခံနိုင်ရန် ကျန်သည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်ရာတွင် အောင်ပွဲရရှိရန်အတွက် လူမျိုစု လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ(EAO) အားလုံးစုစည်းနိုင်အောင်လုပ် ဆောင်ရန်လိုအပ်ကြောင်းနှင့် လက်တွေ့တွင် ကချင်၊ ချင်း၊ ကရင်နီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့သာ တိုက်နေသည်ကိုတွေ့ရကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်က KNPP ထိန်းချုပ်ဒေသ၌ ပြုလုပ်သည့် ကရင်နီတပ်မတော်(KA) အပတ်စဉ် ၇၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ယင်းသို့ ထည့်သွင်းပြော ကြားခဲ့သည်။ ဗိုလ်ချုပ်ဘီထူး၏ မိန့်ခွင်း အပြည့်အစုံကို KNPPသတင်းနှင့် ပြန်ကြားရေးဌာန KNICက ယနေ့ ဖော်ပြသည်။

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်ပွဲခံနိုင်ရန် ကျန်သည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

“တစ်စုတစ်စည်း ထဲဖြစ်အောင်ဖြစ်အောင်ပေါ့လေ။လော‌လောဆယ်ကတော့ကြည့်ပါ။ ကချင်ရှိမယ်၊ ချင်းရှိမယ်၊ ကျွန်တော်တို့ရှိမယ်၊ KNU ရှိမယ် အဓိကလက်နက် ကိုင်အင်အားစုတွေက ဒီလေးဖွဲ့ပဲ ရှိပါတယ်။ အားလုံးလည်းသိမှာပါ စစ်တိုက်နေတာက။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း လက်နက်တော့ကိုင်တယ်၊ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ပါမယ် ဆိုပြီးတော့မှ ပြောတယ်။ သို့သော် ဒီကနေ့မှာကြည့်၊ ဘယ်မှာလဲ လက်တွေ့မှာ။ အဲတာတွေကို ကျွန်တော်တို့ လေ့လာမှတ်သားဖို့တော့လိုတာပေါ့လေ”ဟု ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ရှိသည့်အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်။ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)နှင့် စစ်ကောင်စီအကြား တွင်မူ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ပင်နည်းပါးသွားသည်။

တစ်ဖက်တွင်လည်း NCA မထိုးရသေးသည့် အဖွဲ့များအနက် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA)နှင့် KNPP/KA တပ်တို့ကသာ စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ကိုးကန့် လက်နက် ကိုင်အဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရွေးကောက် ပွဲ၌ ပြတ်ပြတ်သားသား မဲအနိုင်ရခဲ့သော်လည်း စစ်တပ်က မဲမသမာမှု ရှိသည်ဟု ဆိုကာ အာဏာသိမ်းခဲ့သည့်အပေါ် ပြည်သူလူထုများက လမ်းပေါ်တွက် ဆန္ဒပြခဲ့ကြသည်။ ယင်းသို့ ဆန္ဒထုတ်ဖော်မှုကို စစ်အစိုးရက လက်မခံဘဲ လူထုကို ပစ်ခတ် သတ်ဖြတ်ခဲ့၍ ပြည်သူ လူထုများသည် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင် ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လာရာဒေသသီးသီးတွင် လက်နက်ကိုင်စုဖွဲ့မှုအသစ်များ ပေါ်ပေါက်လာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) များက ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ တိုး၍ ပြုလုပ်လာနေသည်။

“ဆိုတော့ပြည်သူလူထု အဆင့်အတန်းအားလုံး၊ အလွှာအားလုံးက မခံမရလို့ဘဲ ဒီကနေ့ ထပြီးတော့မှ သူ့နေရာနဲ့သူ တော်လှန်နေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ဆောင်မှုအပေါ်မှာ ဘယ်အတန်းစား၊ ဘယ်အလွှာကမှ လက်ခံနိုင်တဲ့အပေါ်မှာ ဒီကနေ့ PDF လိုအဖွဲ့မျိုး တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်လာခဲ့တာလည်း အားလုံးသိခဲ့ပါတယ်”ဟု KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ပြောကြားသည်။

လက်ရှိအချိန်တွင် အကြပ်အတည်းများစွာဖြစ်နေသည့် စစ်ကောင်စီဘက်က တွေ့ဆုံဆွေနွေးရေး အတွက် ပြောဆိုမှုရှိလာသော်လည်း ကရင်နီတပ်မတော်အနေဖြင့် ဆွေးနွေးရန် ဆန္ဒမရှိကြောင်း စစ်ဦးစီးချုပ်က ပြောသည် ။ ယခု စစ်သင်တန်းတက်ရောက်သူများကို စစ်သင်တန်းတက်ရန် စည်းရုံးခဲ့ခြင်းမဟုတ်ဘဲ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မခံမရပ်နိုင်၍ ရောက်လာသည်ဟု မြင်ကြောင်း ၎င်းက ဆိုသည်။

“ဒီကနေ့အခြေအနေမှာပဲကြည့်၊ မင်းအောင်လှိုင်ကို ထောက်ခံတဲ့ အတန်းအစားအလွှာတွေက ဘယ်သူမှ မရှိတော့ဘူး။ မိန်းမကစ ထပြီးတော်လှန်နေကြပြီ။ သူတို့မှာရှိတဲ့အင်အားတွေကလည်းဘဲ အရည်အချင်းလည်း ရှိတာလည်းမဟုတ်ဘူး။ တိုက်ရည်ခိုက်ရည်လည်း ရှိတာမဟုတ်ဘူး။ စစ်မတိုက်နိုင်တာလည်းကြာပြီ။ ဒီအဆက်ဆက်မှာလည်းဘဲ တပ်မတော်အင်အားစုကို လိုက်ပြီးတော့ ကောက်မယ်ဆိုရင် ဘယ်သူ့မှ လက်မခံတော့ဘူး။ ဒါကသူ့ရဲအားနည်းချက်တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုကလည်း သူ့ကိုထောက်ခံမှုမရှိဘူး။ သူ့ကိုဆန့်ကျင်နေပြီ။ ဒါလည်းသူ့ရဲ့အားနည်းချက်တစ်ခုဖြစ်သွားပြီ” ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ပိုင်း ပျော့ညံလာပြီး အင်အားများလည်း တဖြည်းဖြည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်နယ်အနေနဲ့ပဲ မကြည့်နဲ့၊ တစ်ပြည်လုံးမှာကြည့်၊ စစ်ကိုင်းတို့ မကွေးတို့ မန္တလေးတို့ ရန်ကုန်တို့ စသည်ဖြင့်၊ တစ်ရက်တစ်ရက်ဆိုအများကြီး ထိခိုက်တယ်” ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

တော်လှန်ရေသမားများအနေဖြင့် နည်းလမ်းရှာပြီး အင်အားဖြည့်နေကြောင်း ၎င်းက ဆိုသည်။

ဆင့်ကဲဆင့်ကဲခေါင်းဆောင်မှုကို လက်ခံပြီး တစ်ဦးနှင့်တစ်ဦး ထောက်ပံ့ကူညီ ၀ိုင်းဝန်းပံ့ပိုးပြီး ယုံကြည်မှုတည်ဆောက်ပြီး လုပ်ဆောင်ပါက အောင်ပွဲမခံနိုင်စရာ အကြောင်းမရှိဟု KA စစ်ဦးစီးချုပ်က ပြောသည်။

ပြည်သူက ဆန့်ကျင်နေဖြင်းဖြစ်၍ နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဟုလည်း ဗိုလ်ချုပ်ဘီထူးက ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။