ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မိုးမခလမ်းတွင် နေထိုင်သည့် လူငယ်သုံးဦးကို ယနေ့(နိုဝင်ဘာ၁) နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
” ရဲကားတွေရော စစ်ကားတွေရော ခြောက်စီးလောက်ရှိတယ်။ အင်အားအပြည့်နဲ့ကို လူငယ်တွေကို ဝင်ဖမ်းသွားတာပါ။ ယောက်ကျားလေး နှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် အားလုံးပေါင်း သုံးယောက် ဖမ်းသွားတာ တွေ့လိုက်တယ်။ တိုက်ခန်းက ပြတင်းပေါက်မှန်တွေကိုလည်း ရိုက်ခွဲသွားတယ်။ ရပ်ကွက်က လူတွေကိုလည်း ထွက်ကြည့်လို့ ဆိုပြီး သေနတ်တစ်ချက် မိုးပေါ်ထောင်ပစ်ပြီး ချိန်းခြောက်သွားသေးတယ်။ ဘာကြောင့်ဖမ်းလဲတော့ သေချာမသိပါဘူး “ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူများကို မတရားဖမ်းဆီးမှုများလုပ်ဆောင်နေရာ အောက်တိုဘာလကုန်အထိ ဖမ်းဆီးခံရသူ ၉၄၀၀ ကျော် ရှိကြောင်း AAPPက ထုတ်ပြန်ထားသည်။


















































