စက်တင်ဘာ-၁၄၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Rangoon Scout Network-RSN ရဲ့ဖော်ပြချက်တွေအရ စက်တင်ဘာ ၁ ရက်ကနေ ၁၃ ရက်အတွင်း မတရားဖမ်းဆီးခံရသူ ၉၂ ဦးရှိတယ်လို့ သိရပါတယ်။
“အခုနှစ်ပတ်ထဲ အဆွဲအရမ်းများနေပါတယ်။အရင်လတွေ ထက်ပိုများပါတယ်။ပုံမှန်ဆို စစ်မှုထမ်းအမှတ်စဉ်သစ် စသွားပြီးရင် ၂ ပတ်လောက် ခဏပြန်ငြိမ်သွားတတ်ပေမယ့် ခုတခေါက်မှာတော့ မငြိမ်ပဲ ဆက်ဆွဲနေတုန်းပါပဲ”လို့ RSN ရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ လှိုင်အင်းစိန် ၊ကမာရွတ်၊ တာမွေ၊ လှိုင်သာယာ ၊သန်လျင်၊ သာကေတ၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်နဲ့ လသာမြို့နယ်တွေမှာ ဖမ်းဆီးပေါ်တာဆွဲမှုတွေပြုလုပ်ခဲ့တာလို့ RSN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူအများစုက လမ်းမပေါ်မှာသွားလာနေစဉ် ဖမ်းဆီးခံရသူ ၈၂ ဦးရှိပြီး ရှောင်တခင်စစ်တာ ၊ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးတာ ၁၀ ဦးရှိတယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေက သတင်းရရှိတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ အခုအရေအတွက်ထက်ပိုများနိုင်တယ်လို့ ဒေသခံကင်းထောက် အဖွဲ့တွေကပြောထားပါတယ်။
လှိုင်မြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်က ဈေးဝယ်နေ တဲ့လူငယ် ၁ဦးကို ကားတစ်စီးပေါ်က လူ ၃ဦးဆင်းလာပြီး ဖမ်းဆီးသွားတာရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေက အဖမ်းခံရတဲ့လူတွေ ပြန်လွတ်လာပြီလို့ကြားတယ်။ ပိတောက်ချောင်းရဲစခန်းမှာ တစ်ယောက်သုံးသိန်းနဲ့ ပြန်ရွေးရတယ်တဲ့။ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့(စက်တင်ဘာ ၁၄)မှာလည်း ရထားလမ်းနားမှာ ဘီယာထိုင်သောက်နေသူ ၃ဦးကို အဓမ္မ ဖမ်းဆီးသွားတယ်လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့မတရားဖမ်းဆီးတဲ့ ဖြစ်စဉ်တွေကြောင့် မြို့နယ်တော်တော်များများမှာ ည ၈ နာရီနောက်ပိုင်း လူအသွားအလာတော်တော်နည်းသွားပြီး ဈေးဆိုင်တွေလည်း စောစောပိတ်သိမ်းကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။


















































