အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) ဖြင့် ယနေ့(နိုဝင်ဘာလ ၈ရက်)တွင် စစ်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။
သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား ကျောင်းသူ ခြောက်ဦးသည် စက်တင်ဘာလ ၁၄ရက်ညပိုင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူ ခြောက်ဦးအနက် ကိုစည်သူအောင်တင်သည် နိုဝင်ဘာ ၃ရက်တွင် ထောင် ၁၀နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်ကျောင်းသား၊ကျောင်းသူ ၄ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ပထမပတ်အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇,၀၀၀ ကျော်အထိရှိကာ ယင်းအနက် ၃၀၀ ခန့်သည် နှစ်ရှည်ထောင်ဒဏ်အများစုချမှတ်ခံထားရသည်။

Public Service Announcement


















































