● ဦးအောင်နိုင်ဦး ၊ဒေါ်သက်သက်ခိုင်၊ ချာလီသန်း၊မောင်မောင်အုန်းနှင့် မိုဆိုရွာလူအစုလိုက် အပြုံသတ်မှုမှတာဝန်ရှိသော ဒုဗိုလ်ချုပ်ကြီးအောင်ဇော်အေးနှင့် ဗိုလ်မှူးချုပ်နီလင်းအောင်တို့လည်းပါဝင်
အကြမ်းဖက်စစ်ကောင်စီ၏ဝန်ကြီးများအပါအဝင်လူပုဂ္ဂိုလ် ၂၂ဦးနှင့် စီးပွားရေးလုပ်ငန်း လေးခုကို ဥရောပသမဂ္ဂက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ကြောင်း ယနေ့(ဖေဖော်ဝါရီ ၂၁) ထုတ်ပြန်ကြေညာလိုက်သည်။
စစ်အာဏာရှင်များက အရပ်သားပြည်သူများနှင့်ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေကြသောအင်အားစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို တုံ့ပြန်အရေးယူသည့်အနေဖြင့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုခြင်းဖြစ်သည်ဟု အီးယူ(ဥရောသမဂ္ဂ) ကြေညာသည်။
အရေးယူသောစာရင်းထဲတွင် စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် အမှတ်( ၁)သတ္တုလုပ်ငန်းတို့လည်းပါဝင်သည်။ ကျန်လုပ်ငန်းနှစ်ခုမှာ ဦးတေဇ၏ထူးကုမ္ပဏီအုပ်စုနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကို တော်သူ ဦးနေအောင်၏ International Group of Entrepreneurs (IGE) Company Limited လည်း ပါဝင်သည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီဝန်ကြီးများဖြစ်သည့် ဦးအောင်နိုင်ဦး၊ ဒေါ်သက်သက်ခိုင်၊ ချာလီသန်း၊ ဦးမောင်မောင်အုန်းနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလည်းပါဝင်သည်။
ထိုအပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် အရပ်သား ၃၅ယောက်ကို အစုအလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ရာတွင် တာဝန်ရှိသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေးနှင့် ဗိုလ်မှူးချုပ်နီလင်းအောင်တို့လည်း ပါဝင်သည်။
ဥရောပသမဂ္ဂသည် ယနေ့အချိန်အထိ ဒီမိုကရေစီကို ထိခိုက်စေသော၊ လူ့အခွင့်အရေးများကို ဆိုးရွားစွာချိုးဖောက်သောလုပ်ရပ်များတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၆၅ ဦးနှင့် အဖွဲ့အစည်း၁၀ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဥရောပသမဂ္ဂတွင် ဥရောပမှအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်သည်။


















































