အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး ဝန်ကြီးတွေဟာ မတ်လ ၁၃ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း အွန်လိုင်းကနေ ချိတ်ဆက် အစည်းအဝေး လုပ်မယ်လို့ အခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။ ဖိလစ်ပိုင်ဟာ အဲဒီ အစည်းအဝေး နှစ်ခုစလုံးကို ကမကထ ပြုပေးထားပါတယ်။

ဆွေးနွေးမှုတွေဟာ အီရန်က အမေရိကန်၊ အစ္စရေးတို့နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ စွမ်းအင် တင်ပို့မှု စျေးကွက်အပေါ် အကြီးအကျယ် ထိခိုက်လာနိုင်ခြေတွေ၊ လောင်စာဆီစျေး မြင့်တက်လာနိုင်တာတွေ၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ပြဿနာတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် အမြင်ဖလှယ် ညှိနှိုင်းဖို့ဖြစ်ပြီး တုံ့ပြန် ကုစားနိုင်မယ့် နည်းလမ်းတွေကိုလည်း ဝိုင်းဝန်း ရှာဖွေသွားမယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ အလန်ဂက်ပ်တီက အာဆီယံ အနေနဲ့ လက်ရှိ အခြေအနေတွေအပေါ် စိုးရိမ်ဖို့ လိုအပ်ကြောင်း၊ အီရန် ပဋိပက္ခကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေမှာ ကုန်စျေးနှုန်းတွေ မြင့်တက်တာ၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် နေရာတွေ ထိခိုက် ဆုံးရှုံးတာမျိုးတွေ ဖြစ်လာနိုင်တာကို မျက်ကွယ် ပြုထားလို့ မရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

စစ်ပွဲကြောင့် အီရန်က နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ရှိနေတဲ့ မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်လိုက်တဲ့အတွက် နိုင်ငံတကာ ရေနံနဲ့ လောင်စာ တင်ပို့မှုတွေမှာ ကြီးမားတဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာစေပါတယ်။ ဟောမုဇ်ဟာ နိုင်ငံတကာ စျေးကွက်ထဲက ရေနံပမာဏ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသယ်ယူရာ ရေလမ်းကြောင်းပါ။ မတ်လ ၁၂ ရက်နေ့မှာတော့ ရေနံစိမ်းစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ထိ မြင့်တက်ခဲ့ပါတယ်။
အာဆီယံဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေက တင်သွင်းလာတဲ့ ရေနံစိမ်း၊ လောင်စာဆီနဲ့ သဘာဝ ဓာတ်ငွေ့တွေအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။
အီရန်စစ်ပွဲ စတင်လာပြီးတဲ့နောက် တချို့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ လောင်စာဆီ ချွေတာရေး၊ စျေးနှုန်းတွေ အလွန်အကျွံ မြင့်တက်မသွားစေရေး၊ ကာလအတိုင်းအတာ တစ်ခုထိ လောင်စာဆီ ဖူလုံနေစေရေးအတွက် အရေးပေါ် အစီအမံသစ်တွေကိုပါ စတင် သတ်မှတ် ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters, EPA, Xinhua


















































