ပြည်တွင်းတွင်စက်သုံးဆီ၊ရွှေနှင့်ဒေါ်လာဈေးများ မတ် ၈ ရက်တရက်တည်းတွင် တရှိန်ထိုးမြင့်တက်လာသည်။
မတ် ၇ ရက်နှင့် နှိုင်းယှဉ်ပါကမတ်၈ ရက်တွင် စက်သုံးဆီဈေးမှာ တစ်လီတာလျှင် အနည်းဆုံး ကျပ် ၂၀၀ကျော် ၊ ရွှေဈေးသည့် တစ်ကျပ်သားကို ကျပ် နှစ်သောင်းနှင့် ဒေါ်လာဈေးသည်လည်း တစ်ဒေါ်လာကို ကျပ် ၅၀ ခန့် ဈေးတက်ခဲ့သည်ဟု ဈေးကွက်အတွင်းမှာ စုံစမ်းသိရသည်။
ဒေါ်လာဈေးမှာ မတ် ၇ ရက် ညသန်းခေါင်ယံကပင်အဝယ်လိုက်နေပြီးမတ် ၈ရက်တွင် တစ်ဒေါ်လာကို ၂၀၅၀ကျပ်အထိမြင့်တက်ခဲ့သည်။
“မနေ့က သန်းခေါင်ယံလောက်ကတည်းက ဒေါ်လာကို လိုသလောက်လိုက်ဝယ်နေကြတာ၊ ဒီနေ့လဲ ဈေးတက်မယ်ဆိုတာ ကြိုသိတဲ့သူကသိနေကြတယ်။ ဒါကြောင့် ဒီနေ့ ဈေးကတက်လာတယ်။ ရှေ့ဆက် ဆက်တက်ဖို့ပဲရှိတော့တယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement
စက်သုံးဆီဈေးမှာ မတ် ၇ ရက်တွင်အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၃၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၉၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၂၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၃၅ကျပ်ရှိခဲ့သည်။
မတ် ၈ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၁၃၀ကျပ်၊ အောက်တန်း ၉၅ တလီတာ ၂၁၉၅ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၂၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၃၅ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၂၀၀ မှ ကျပ် ၃၀၀ ကြားအထိ တစ်ရက်အတွင်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိစက်သုံးဆီနှုန်းများမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်သည်။
မကြာခင် စက်သုံးဆီပြတ်လပ်သွားနိုင်သည့်ဟူသော သတင်းများကြောင့် စက်သုံးဆီများကို တပိုင်တနိုင်ဝယ်ယူစုဆောင်းသူများရှိလာသည်ဟု စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးကပြောသည်။
“အာဏာကိုသာ လိုချင်ပြီး နိုင်ငံကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ စွမ်းဆောင်ရည်မရှိလို့ ဒီလိုမျိုးကသောင်းကနင်းတွေဖြစ်နေတာ”ဟု စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးကပြောသည်။
ပြည်တွင်းရွှေဈေးမှာလည်း မတ် ၇ ရက်တွင် တစ်ကျပ်သားကို ၁၉၉၅၀၀၀ကျပ်မှ မတ် ၈ ရက်တွင် တစ်ကျပ်သားကို ၂၀၁၅၀၀၀ကျပ် အထိမြင့်တက်ခဲ့သည်။
ဒေါ်လာဈေးနှင့်ရွှေဈေးသည် ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် ကမ္ဘာ့စစ်ရေးအခြေအနေများကြောင့်ဆက်လက်မြင့်တက်နိုင်သည်ဟု ရွှေလုပ်ငန်းရှင်များကခန့်မှန်းထားကြသည်။
စက်သုံးဆီဈေးမြင့်တက်မှုကြောင့်ကုန်ဈေးနှူန်းများလည်းတစ်ရိတ်ရိတ်တက်လာပြီး စားသုံးဆီဈေးမှာ တစ်ပိသာလျှင် ၈၀၀၀ ကျော်အထိ့ဈေးတက်နေသော်လည်း ဝယ်မရကြောင်း မန္တလေးတိုင်းမှ ပြည်သူအချို့ကပြောသည်။


















































