ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးလေးဆူ တိုက်ပွဲ ၌ Karenni Generation Z တပ်ဖွဲ့မှ CDM ကျောင်းဆရာ ရဲဘော် ဇော်လင်းထွန်း ကျဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်သည်။
ယနေ့(မတ်လ ၉ ရက်)တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စနိုက်ပါကြောင့် ထိမှန်၍ ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်နော်ရှေ့တန်းမှာ ပိတ်မိနေရင် ဘယ်သူမှမကျန်တော့လည်း ကျွန်နော်တို့ရဲ့အသက်ကို ရတဲ့နည်းကယ်ခဲ့တယ်။ ပေးဆပ်ခဲ့နော် အခုတော့ဗျ ဆြာကျောင်းအသက်ကျွန်နော်တို့ဘာလို့မကယ်နိုင်ခဲ့တာလဲဗျ။ဆြာကျောင်းဟာ တော်လှန်ရေးမှာ အမျှော်အမြင်ရှိသောခေါင်းဆောင် တစ်ယောက်လည်းဖြစ်တယ် ။ဆရာတစ်ယောက်ထက်ပိုလုပ်ပြနိုင်ခဲ့တာတွေ အများကြီးရှိတယ်”ဟု KGZ ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဝမ်းနည်းစကား ဆိုသည်။
အသက် (၂၄)နှစ်အရွယ် ကျဆုံး ရဲဘော်ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့ပြီး Karenni Generation Z (KGZ) တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Public Service Announcement

အလားတူ ယနေ့ နံနက် ၂နာရီခန့် ဒီးမော့ဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာသို့ အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် Free Burma Rangers (ကရင်နီ)တပ်ဖွဲ့ဝင် အမျိုး သမီးတစ်ဦး ကျဆုံးခဲ့ကြောင်း WE ARE KNDFက ထုတ်ပြန်သည်။
လဝက်ကျော်ကြာမြင့်ပြီဖြစ်သော ဒီးမော့ဆို မြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ် ကောင်စီ၏ ထိုးစစ်ကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ ခုခံစစ်ဆင်နွှဲ ရာတွင် နေ့စဥ်တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀ခန့် ကျဆုံးထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော် သေဆုံးလျက်ရှိကာ ၎င်းတို့ အထိနာနေသည့် နေ့ရက်များတွင် တိုက်လေယာဥ်များအပါအဝင် လေနက်ကြီးပစ်ကူများစွာကို အကြမ်းဖက်စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သည်။


















































