ချင်းပြည်နယ် ကလေးမြို့နယ် ဟားခါးလေးကျေးရွာနှင့် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်သည်။
ဟားခါးလေးကျေးရွာအနီးတွင် မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ကို CNDFနှင့် ကလေးပြည်သူ့ကာကွယ် ရေးတပ်(PDF) ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ယနေ့ မတ်လ ၁၇ရက် နံနက်တွင်လည်း ဖလမ်းမြို့နယ် ရိခေါ်ဒါမြို့အမှတ်(၁)ရပ်ကွက်ရှိ စစ်ကောင်စီတပ်နှင့် CNDFတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းတိုက်ပွဲတွင် CNDFတပ်မှတစ်ဦး တိုင်းပြည်နှင့် လူမျိူးအတွက် အသက်စတေးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ အကျအဆုံး အတိအကျမသိရသေးဟုဆိုသည်။ ကျဆုံးခဲ့သည့် CNDF ရဲဘော်မှာ အသက် ၂၃နှစ်အရွယ်ရှိ ဆလိုင်းလရိုပွီး ဖြစ်ပြီး ၎င်း၏ ပေးဆပ်မှုအပေါ် CNO/CNDF အနေဖြင့် လေးစားဂါရ၀ပြုကြောင်း၊ ကျန်ရစ်သူမိသားစုနှင့် အတူ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement


















































