ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)ရှိနေရာ နှစ်ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
နို့တကောမြို့နယ်တွင် ယနေ့(မတ်လ ၂၁ ရက်)နံနက် ၈နာရီ ၄၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ၏ ခုတ်ခွါး တောင်ပေါ် အခြေစိုက် ခမရ(၄၃၂) တပ်ရင်းနှင့် KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် နံနက် ၁၀နာရီခွဲ၌ အာအာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၂၈၃) တပ်ရင်းနှင့် KNU တပ်ဖွဲ့ဝင်များ သုံးတိုင်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

Public Service Announcement
မတ်လ ၁၉ရက်ကလည်း စစ်ကောင်စီ၏ ခမရ (၄၃၂)တပ်ရင်းနှင့် KNU တပ်ဖွဲ့ဝင်များ မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
KNU နှင့် စစ်ကောင်စီတပ်တို့သည် ကော့ကရိတ်မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ယနေ့ ညနေပိုင်း၌ပင် KNU တပ်မဟာ(၆) တပ်ဖွဲ့ဝင်များက မြ၀တီမြို့နယ်ရှိ စစ်ကောင်စီ၏ ဝေါ်လေဒေသရှိ ရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


















































