ချင်းပြည်နယ် တွန်းဇံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ စခန်းချလျက်ရှိသည့် စစ်ကောင်စီတပ်သားများကို ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)-Zoland က သတင်းထုတ်ပြန်သည်။
PDF-Zoland နှင့် CDM (Siyin)တို့ ပူးပေါင်း၍ အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆို သည်။
ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိကြောင်းသိရပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဘက်မှ အထိအခိုက်မရှိဟု ထုတ်ပြန်ခဲ့သည်။
PDF-Zoland နှင့် CDM(Siyin)တို့သည် မတ်လဆန်းကလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-Hualngo) တို့နှင့် ပူးပေါင်းပြီး ဖလမ်းမြို့နယ် ရိခေါ်ဒါ ဒေသရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးခဲ့သည်။