ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုဟာ မနက်ဖြန် ဧပြီလ ၂၆ ရက်မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။
ဒီအမှုကို ဧပြီလ ၂၆ ရက်မှာ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာလည်း တရားသူကြီးက အမိန့်ချမယ့်ရက်ရွှေ့တာမရှိကြောင်း ပြောခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီးစွဲဆိုထားတဲ့အမှုကိုစစ်ဆေးခဲ့ပြီးရုံးချိန်းကိုတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်းကျန်းမာရွှင်လန်းပုံရတယ်လို့သိရပါတယ်။
မနက်ဖြန်မှာအမိန့်ချမယ့်အမှုဟာ ရွှေချောင်းနဲ့ဒေါ်လာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်ဆိုတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲထားတဲ့အမှုဖြစ်ပါတယ်။
ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။
ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။
ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။
