တော်လှန်ရေးကာလ သင်ကြားပေးနေသော ကြားကာလအခြေခံပညာ ပညာရေးစစ်ဆေးဆန်းစစ်မှုရလဒ်များမှာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နှင့်ပါ ချိတ် ဆက်နိုင်မည်ဖြစ်ကြောင်း အခြေခံပညာရေးညီလာခံကျင်းပရေးကော်မတီက ပြောသည်။
ထိုသို့ ချိတ်ဆက်သွားနိုင်ရန် လိုအပ်သည့် မူဝါဒနှင့် လမ်းညွှန်ဂိုက်လိုင်းများမူကြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေးညီလာခံသို့ ပေးပို့တင်သွင်းခဲ့ပြီး ယင်းမူကြမ်းအား ညီလာခံက လက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
“လက်ရှိမှာတော့ assessment သည် NUG/MOE ကနေပြီး အကြမ်းကိုပဲ ညီလာခံကိုတင်သွင်းတာဖြစ်ပြီးတော့ ညီလာခံမှာတက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေကနေပြီးတော့ ဘယ်ဟာတွေပါသင့်တယ် နယ်မြေအလိုက်ပေါ့နော် ဒေသအလိုက်လိုအပ်တာတွေ၊ အကြံပြုခဲ့တာတွေ ရှိပါတယ်”ဟု ညီလာခံကျင်းပရေးကော် မတီကိုယ်စား CDM ကျောင်းဆရာ ကိုနောင်ချိုက ပြောသည်။
အခြေခံပညာကဏ္ဍ စစ်ဆေးဆန်းစစ်ချက်မူကြမ်းအား ညီလာခံကိုယ်စားလှယ်များ၏ အကြံပြုချက်များဖြည့်စွက်၍ လက်တွေ့အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစုအဖွဲ့နှင့် အဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟု ၎င်းကဆက်ပြောသည်။
ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ဦးဆောင်လမ်းညွှန်မှုဖြင့် ကြားကာလအခြေခံပညာသင်ကြားရေးအား အကောင် အ ထည်ဖော်လျက်ရှိရာ စိုးမိုးနယ်မြေများ၌ ကျောင်းများဖွင့်လှစ်သင်ကြားခြင်း၊ အွန်လိုင်းအခြေပြု Home Education အစီအစဥ်တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။