လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ယင်းသတင်း ပြင်ပသို့မပေါက်ကြားစေရန် စစ်ကောင်စီက ဖုံးဖိထားသည်ဟု ရဲတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံများက ပြောသည်။
လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းအဆင့်ရဲအရာရှ်ိတစ်ဦးနှင့် ရဲတပ်သားတစ်ဦးသည် လားရှိုးမြို့ (၁၂) ရပ်ကွက်တွင် ဇွန်လ ၂၀ရက်ညက အသတ်ခံလိုက်ရခြင်းဖြစ်သည်။
“ရဲနှစ်ယောက်သေတယ်။ စစ်တပ်က အဲ့သတင်းကို ဖုံဖိထားတယ်။ သတင်းရေးတဲ့သူတွေကိုလည်း သတိပေးထားလို့ မရေးရဲကြဘူး”ဟု လားရှိုးမြို့ ခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၀ရက် ည ၁၀နာရီခန့်က သေနတ်သံနှစ်ချက်ကြားရပြီး ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံကားနှစ်စီးဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း (၁၂) ရပ်ကွက်တွင် နေသူတစ်ဦးက ပြောသည်။
သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။