Kaung For You Education(K4U) ပညာရေးကျောင်းဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပြည်သူသို့ အသိပေးစာထုတ်ပြန်ပေးရန် ပြင်ဆင်နေကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် ယနေ့(ဇူလိုင် ၁၄)အသိပေးဖော်ပြသည်။
“အခုအချိန်မှာတော့ အားလုံးလုံခြုံရေးသတိနဲ့ နေကြဖို့ပါ။ ပညာရေးဝန်ကြီးဌာနကလည်း အဖြစ်အပျက်တွေအပေါ် ပြည်သူကိုအသိပေးစာထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်”ဟု
ဒုဝန်ကြီးက ဖော်ပြသည်။
K4U ကျောင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနမှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေစဥ် ကျောင်းအုပ် ဆရာကောင်းသိုက်စိုးနှင့် ဆရာ/ဆရာမအချို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အသိပေးသည်။
ယခုအဖြစ်အပျက်အား အခွင့်ကောင်းယူကာ စာသင်ကြားပေးနေသော ဆရာ/ဆရာမများအား ဖမ်းဆီးခြင်းမှာ လွတ် လပ်စွာ စာသင်ကြားခွင့်ကိုချိုးဖောက်ခြင်းဖြစ်ပြီး ယုတ်မာလူမဆန်မှုသာဖြစ်ကြောင်း ဒုဝန်ကြီးက ထောက်ပြသည်။

Public Service Announcement
“ပြည်သူ့ပညာရေး online ကျောင်းတွေမှာ မိဘပြည်သူများရဲ့ သတင်းအချက်အလက်လုံခြုံရေး အာမခံပေးနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့ အထူးအလေးထားပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ကြားကာလပညာရေးအတွက် ဖွင့်လှစ်ခဲ့သော Kaung For You Education(K4U)ကျောင်းတွင် ကျောင်းအပ်နှံခဲ့ကြသော ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ပြီးနောက် ကျောင်းအုပ်အပါ အဝင် ဆရာ၊ ဆရာမခြောက်ဦးနှင့် ကျောင်းသူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့(ဇူလိုင် ၁၃)က ဖမ်းဆီးခဲ့သည်။
လုံခြုံရေးကျိုးပေါက်မှုများဖြစ်ပေါ်ခဲ့သော K4U ပညာရေးကျောင်းနှင့်စပ်လျဥ်းပြီး NUG အစိုးရ ပညာရေးဝန်ကြီး ဌာနမှ မည်သည့်အသိပေးကြေညာချက်မျှမထုတ်ဘဲ ဆိတ်ဆိတ်နေခဲ့သည့်အပေါ် ပြည်သူများနှင့် ပညာရေးအသိုင်း အဝိုင်းမှ အားမလိုအားမရမှုများရှိခဲ့ကာ ထိုသို့နေစိမ့်ခဲ့ခြင်းအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။


















































