Connect with us

Hi, what are you looking for?

ညနေခင်းသတင်း

“ညနေခင်းသတင်း”

ဒီ​နေ့(သြဂုတ် ၂၆ ရက်)ည​နေခင်းသတင်း​တွေကို People’s Spring က တင်ဆက်​ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ICC ထံ မြန်မာ့အရေး အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့ နိုင်ငံတကာကို ကုလကျွမ်းကျင်သူတိုက်တွန်း

မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ထံ အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ၎င်းတို့ရဲ့အခန်းကဏ္ဍကို လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က တိုက်တွန်းလိုက်သည်။ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်ကို စီးပွားရေး၊ သံတမန်ရေးနည်းလမ်းတွေကတဆင့်လည်း အပြင်းထန်ဆုံးဖိအားပေးရမယ်လို့ ကုလ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ဓါတ်ပုံ-UN Geneva
ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ဓါတ်ပုံ-UN Geneva

▪︎ICJ အမှုမှာဂမ်ဘီယာဘက်ကနေဂျာမနီကပါကြားဝင်ကူညီမယ်

မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ဂမ်ဘီယာဘက်ကနေ ဂျာမနီက ကြားဝင်ကူညီဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကကြေညာပါတယ်။ ဂျာမနီဟာ နိုင်ငံတကာဥပဒေကို ကျင့်သုံးဖို့နဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်တိုက်ခိုက်ရာမှာ အားဖြည့်တင်းဖို့အတွက် ဂမ်ဘီယာကို ထောက်ခံအားပေးမယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီရင်ဆိုင်နေတဲ့ ICJ အမှုမှာ ဂမ်ဘီယာဘက်ကနေ ဗြိတိန်နဲ့ ဂျာမနီတို့က ကြား ဝင်ကူညီမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားလာတာလည်းဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock။ ဓါတ်ပုံ- Annalena Baerbock Twitter
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock။ ဓါတ်ပုံ- Annalena Baerbock Twitter

▪︎မရမ်းကုန်းတရားရုံးကို GYG မြို့ပြပြောက်များအဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တရားရုံးကို ဒီနေ့မနက် ၁၁နာရီခွဲကျော်မှာ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation-Y Guerilla (GYG) အဖွဲ့က ထုတ်ပြန်ပါတယ်။ အကြမ်းဖက် စစ်​ကောင်စီ အလိုကျဆောင်ရွက်နေတဲ့ ၈ မိုင်လမ်းဆုံအနီးက မရမ်းကုန်းတရားရုံးကို ဖောက် ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဝင်နှစ်ဦး ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဆီနှစ်ဆီတင်သွင်းတဲ့ ကုမ္ပဏီစာရင်းနဲ့ ဝယ်ယူတဲ့ပမာဏကို စစ်ကောင်စီတောင်းခံ

ပို့ကုန်ကုမ္ပဏီတွေထံကနေ ဒေါ်လာဝယ်ယူခဲ့တဲ့ စက်သုံးဆီနဲ့ စားသုံးဆီကုမ္ပဏီတွေစာရင်းနဲ့ ဝယ်ယူတဲ့ပမာဏာကို ဒီနေ့ညနေ ၅ နာရီ နောက်ဆုံးထားတင်ပြဖို့ စစ်ကောင်စီက တောင်းခံ လိုက်ပါတယ်။ စျေးကွက်အတွင်း ဒီဇယ်တစ်လီတာ ၃၃၀၀ ကျော်အထိ စျေးတက်လာပြီး ဒေါ်လာစျေးကလည်း ထပ်မံစံချိန်ချိုးကာ ကျပ် ၃၁၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီရဲ့ အခုလို တောင်းခံလာမှုကြောင့် ဒေါ်လာစျေးဟာလည်း အတက်ဘက်ဦး တည်နေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

▪︎ပခုက္ကူမှာ အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင်စီဗိုလ်မှူးလင်မယား သေဆုံး

ပခုက္ကူမြို့၊ မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ တာဝန်ခံ ဗိုလ်မှူးအိမ်ကို ဒီနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအောင်ဇော်ဦးနဲ့ သူ့ဇနီးတို့ သေဆုံးသွားခဲ့တယ်လို့ Young Force UG က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဗိုလ်မှူးဟာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံ ရောက်မှ သေဆုံးသွားခဲ့တာဖြစ်ပြီး သူ့ဇနီးဖြစ်သူကတော့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ အဲဒီ စစ်ကောင်စီဗိုလ်မှူးဟာ မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ နှင်ထုတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ချည်မြှင့်နဲ့အထည်စက်ရုံ ဗိုလ်မှူးထံမှသိမ်းဆည်းရမိ​တဲ့ပစ္စည်းအချို့ ။ ။YFUG
ချည်မြှင့်နဲ့အထည်စက်ရုံ ဗိုလ်မှူးထံမှသိမ်းဆည်းရမိ​တဲ့ပစ္စည်းအချို့ ။ ။YFUG

▪︎ကျွန်းလှမြို့နယ်ရှိ ကုန်းစည်းကျေးရွာကို စစ်ကောင်စီမီးရှို့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကုန်းစည်းကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ ကန့်ဘလူ-ကျွန်းလှ နယ်စပ်တစ်နေရာမှာ ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီး အရာရှိများ အဖမ်းခံခဲ့ရပါတယ်။ လက်နက် ခဲယမ်းများစွာ ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီတပ်ဟာ အဲဒီဒေသနဲ့နီးစပ်တဲ့ ကျွန်းလှမြို့နယ်ထဲက ကျေးရွာအချို့ကို ဩဂုတ် ၂၅ရက် ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ကာ စစ်အင်အားတွေ ဖြည့်တင်းခဲ့တာဖြစ် ပါတယ်။

▪︎လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာတွေ ပိုမိုကူညီလှူဒါန်းဖို့ KDF တောင်းဆို

ကရင်နီပြည်အပါအဝင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာ ကြောင့် လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာတွေကို ပိုမိုထိရောက်စွာ ကူညီလှူဒါန်းပေးဖို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ထုတ်ပြန်တိုက်တွန်းပါတယ်။ လိုအပ်တာမှန်သမျှ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေကိုသာ အားကိုးနေရပြီး တိုက်ပွဲကာလ ရှည်ကြာလာတာနဲ့ အမျှ ခဲယမ်းမီးကျောက်တွေ လိုအပ်လာတယ်လို့ အသိပေးပါတယ်။

▪︎စစ်​ကောင်စီအ​ပေါ်ခုခံ​​တော်လှန်စစ်ပွဲ​တွေ

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ လေယာဉ်နဲ့လာ ဗုံးကြဲခဲ့ပေမယ့် အထိအခိုက်မရှိဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲမှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို နှစ်ရက်အတွင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)က ဒီနေ့ထုတ်ပြန်ပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်တက္ကသိုလ်အနီး ပြည်လမ်းမပေါ် မာလာဆောင်ရှေ့ ခုံးတံတားပေါ်မှာ တော်လှန်လူငယ်များက “ဘယ်လောက်ဖိဖိ ကြွမဲ့ ရန်ကုန်သားတွေ” ၊ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားတွေကို ဒီနေ့မနက်ပိုင်းမှာ ချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ပြည်သူတွေက ဒီနေ့မနက်ပိုင်းမှာ “ဘုံရန်သူကို အပြတ်တိုက်ဖို့ ရရာလက်နက် ဆွဲကိုင်စို့”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ချေမှုန်းရေး”၊ “KIA နှင့် PDFများ တိုက်ပွဲတိုင်း အောင်နိုင်ရေး” စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာ ‘အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်နေဆဲ’ စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ