အောက်တိုဘာ-၁၅၊ ၂၀၂၆။ People’s Spring
အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်နေတာကို Burma Research Institute (BRI) က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ BRI က ထုတ်ပြန်ချက်နှစ်ခု ကြေညာခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မဟာစည်ကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ရဲ့ ဘုရားကျောင်းကို မီးရှို့မှု ဖြစ်စဉ်တွေကို ရည်ညွှန်းထားခဲ့ပါတယ်။
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာထဲက မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ မဟာစည်ကျောင်းတိုက်ကို အောက်တိုဘာ ၁၁ ရက်နေ့မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း BRI က ဖော်ပြထားပါတယ်။ မန္တလေး တံတားဦး လေတပ်စခန်းက ပျံတက်လာတဲ့ တိုက်လေယာဉ်ဟာ မနက် ၁၁း၄၄ နာရီ ဝန်းကျင်ကစလို့ ကျောင်းတိုက်ကို သုံးကြိမ် ဗုံးကြဲခဲ့တာလို့ ပြည်တွင်းသတင်းဌာနတွေကို ကိုးကားပြီး BRI က ဖော်ပြပါတယ်။

Public Service Announcement
ပြီးတော့ BRI မှာရှိတဲ့ KBC အဖွဲ့ဝင် ထင်နန်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကိုလည်း အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီ ဝန်းကျင်မှာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အကြောင်း BRI က နောက်ထပ် ထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။ မြေပြင်အခြေအနေကို ကောင်းကောင်းသိတဲ့ သတင်းရင်းမြစ်တဦးကလည်း ဘုရားကျောင်းထဲ ဝင်မီးရှို့ခဲ့တာဟာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဆိတုာ အတည်ပြုထားပါတယ်။ ပြီးတော့ ဒေသတွက်းကချင်သတင်းဌာန-KNG ကလည်း ခြေမြန်တပ်မ ၃၃ နဲ့ ၈၈ လက်အောက်ခံ တပ်တွေဟာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တိုက်ပွဲမှာ အထိနာခဲ့တဲ့နောက် ဘုရားကျောင်းနဲ့ အနီးတဝိုက်နေအိမ်တွေကို မီးရှို့ခဲ့တဲ့အကြောင်း ရေးသားထားကြောင်း BRI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေဟာ စစ်တပ်က အသားတကျ ကျူးလွန်တဲ့ ပုံစံတစ်မျိုး ဖြစ်လာနေတယ်လို့လည်း BRI က ပြောပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာရှိတဲ့ နန့်မွန်းနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ဝတ်ပြုဆောင်မှာ စစ်တပ်က စစ်မှုထမ်း သင်တန်းဆင်းပွဲလုပ်ပြီး မူးရူးပျော်ပါး ကခုန်တာမျိုးတွေ လုပ်နေခဲ့ကြောင်း BRI က ဆိုပါတယ်။
BRI ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် ဇိုတွမ်မှုန်ကတော့ မဟာစည်ကျောင်းတိုက် ဗုံးကြဲခဲ့ရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်ပေးတဲ့ ၁၉၅၄ ခုနှစ် ဟိဂ်ကွန်ဗန်းရှင်းသဘောတူညီမှုကို စစ်တပ်က ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ အခုလိုလုပ်ရပ်မျိုးကို အမေရိကန် အစိုးရက အတိအလင်း ရှုတ်ချပြီး စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
ကချင်ခရစ်ယာန်တွေအပေါ် တိုက်ခိုက်မှုတွေကို အာဏာသိမ်း စစ်တပ်က တိုးမြှင့် လုပ်ဆောင်လာတာနဲ့ ပတ်သက်လို့လည်း အထူးစိုးရိမ်သင့်ကြောင်း အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဆမ်ဘရောင်းဘက်ခ်က ပြောကြားခဲ့ပါတယ်။ သူက မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေအတွက် အမေရိကန်က မားမားမတ်မတ် ရပ်တည်ပေးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
လုံခြုံရေးအရ နာမည်မဖော်တဲ့ KBC အသင်းတော် ခေါင်းဆောင်တစ်ဦးကလည်း စစ်တပ်ဟာ ကချင်ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနေတယ်လို့ BRI ဆီ မှတ်ချက်ပေးခဲ့ပါတယ်။
အခုဖြစ်စဉ် နှစ်ခုကို အကြောင်းပြုပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးဖို့၊ ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ်ဖို့၊ ဘာသာရေး လွတ်လပ်ခွင့် ခိုင်မာစေဖို့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ပိုမိုတွန်းအားပေး ဆောင်ရွက်သင့်ကြောင်းလည်း BRI ရဲ့ ထုတ်ပြန်ချက်တွေမှာ တောင်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဒီဇင်ဘာလအထိ စစ်တပ်က ခရစ်ယာန်ဘုရားကျောင်းနဲ့ အဆောက်အအုံပေါင်း ၃၄၃ ခုကို ဖျက်ဆီးခဲ့တယ်လို့ BRI ရဲ့ သုတေသနအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ခရစ်ယာန်ဘာသာရေးဆရာ ၁၄၉ ဦးကို သတ်ဖြတ်ပြီး ၂၁၈ ဦးကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ကိုးကား – BRI

















































