အောက်တိုဘာ-၁၅၊၂၀၂၆။နေ့သစ်/People’s Spring
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ရက်မှာ ဗျတ္တပန်းဆက်လမ်းပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်တပ်စခန်းတစ်ခုကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်တွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ စကားဝါ PDF၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ။ ဘုန်းကြီးကျောင်းက ရှေးကျောင်းကြီးဆိုတော့ သူတို့အဆောက်အဦးကကောင်းတယ်။အဲအပေါ်မှာ သူတို့က စက်လက် ၂လက် ထိုင်ထားတာ။ ဝင်းအတွင်းမဝင်နိုင်ခဲ့ပေမယ့် ဘေးပတ်ပတ်လည်ကနေ တိုက်နိုင်ခဲ့တယ်”လို့ ၎င်းကပြောပါတယ်။

Public Service Announcement
စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ချိန် ၁နာရီကျော်ကြာခဲ့တယ်လို့လည်း ပြောပါတယ်။ လက်တလောမှာတော့စစ်တပ်ကအဲဒီစခန်းကို အင်အားထပ်မံဖြည့်ထားတယ်လို့သိရပါတယ်။
ညောင်ဦး ပကဖရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်တပ်က ၆ဦးထပ်မနည်း သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
“အဲဒီမှာ အကြီးဆုံးဖြစ်တဲ့စစ်ဗိုလ်ခြေထောက်ထိတယ်လို့ ကြားတယ်”လို့ညောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲတွေဆက်ဖြစ်နိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရှိရာနေရာတွေနဲ့ လမ်းပိုင်းတွေမှာ သွားလာရာအထူးသတိထားဖို့ ညောင်ဦးမြို့နယ် ပကဖက ထုတ်ပြန်ထားပါတယ်။

















































