ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောများနှင့် ဆီသယ်ရေယာဥ်လုံခြုံရေးများအား တိုင်း သုံးတိုင်း PDFအဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။
သြဂုတ် ၂၂ ရက် နံနက် ၁ဝ နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ ဆီသယ်ရေယာဥ်အား လုံခြုံရေးပေးရန် လိုက်ပါလာသော အမြန်ရေယာဥ်အား မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဒေသတွင်း PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။
ညနေ ၄ နာရီခန့်တွင်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ ဆန်တက်လာသော စစ်သင်္ဘောအကြီး သုံးစီးအား လိုက်လံပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီဘက်က (၆၀)မမ၊ (၄၀) မမတို့ဖြင့် ပြန်လည်ပစ်ခက်ခဲ့သဖြင့် စစ်ကောင်စီတပ် အကျအဆုံးမသိရသေးဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF- Talokeက အသိပေးသည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးအား People Defense Force-Taloke(မြင်းခြံခရိုင်တပ်ရင်း၂)၊ MGN-RANGER(မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-Tiger( မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-21 မြင်းခြံခရိုင်တပ်ရင်း (၂)၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ရေစကြို တပ်ရင်း(၂)၊ Wolf Brothers၊ Justic Revolution Force၊ YSO-ISA၊ MG6 ပြောက်ကျားတပ်ဖွဲ့၊ Myaung Fighter၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး PDF Talokeအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။


















































