စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက်လမ်းကို ညပိုင်းအချိန်တွင် အသွားအလာ ခေတ္တရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က သြဂုတ် ၅ရက် ညတွင် သတိပေးကြေညာသည်။
ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပျူနှင့် စစ်ကောင်စီသတင်းပေးများ သွားလာနေသောကြောင့် မြစ်ဘေးရှိ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးနားစွင့်ကာ သတိဝိရိယရှိရန်နှင့် ရေကြောင်းအသုံးပြုမှုကို ည၈နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း အရေးပေါ်ကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုဘဲ ရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က မေတ္တာရပ်ခံသည်။
ယခုကြေညာချက်သည် ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့်၊ ကူကြီး၊ ရေလမော်၊ ငါးပတ်ချောင်း၊ သရက်ပင်ဆိပ်၊ မှော်ဦး၊ အင်ဒေါင်း၊ ရွာသာ၊ ကမ်းဖြူ၊ ရွာသစ်အထိ အကျုံးဝင်ကြောင်း GZ Special Task Force – Wetlet အဖွဲ့က အသိပေးသည်။
အလားတူ ဝက်လက်မြို့နယ်ရှိ အမှတ် (၃)ခရိုင်ချင်းဆက်လမ်းအား ည၈နာရီမှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန်၊ အရေးပေါ်ကိစ္စမှလွဲ၍ လမ်းအသုံးပြုမှုရပ်ဆိုင်းထားရန် GZ Special Task Force – Wetlet အဖွဲ့က ထပ်မံသတိပေးသည်။

Public Service Announcement
ယမန်နေ့(သြဂုတ်လ၅ရက်) နံနက်ပိုင်းက အင်အား ၁၀၀ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း၊ စဥ်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်းသို့ ကူးလာခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိငါးပါတ်ချောင်း၊ကမ်းဖြူ၊အင်ဒေါင်း စသည့်ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် အင်ဒေါင်းကျေးရွာက ပြည်သူ(၃)ဦး လက်နက်ကြီးထိမှန်ခဲ့ကာ မစိုးရိမ်ရကြောင်း ဝက်လက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက ပြောသည်။


















































