စစ်ကိုင်းမြို့နယ်ရှိ တောင်မြို့ကျေးရွာကို ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူများ လာရောက်မီးရှို့ဖျက်ဆီးသွားပြီး လူငယ်တစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဩဂုတ်၂၉ ရက်) နံနက် ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာကို ကြွယ်ပုံရွာအခြေစိုက်ထားသည့် စစ်ကောင်စီတပ်နှင့်ကြွယ်ပုံရွာပျူစောထီးအဖွဲ့တို့က မည်သည့်တိုက်ပွဲမှဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။




ထို့နောက် မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မြို့ကျေးရွာရှိ နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“ကြွယ်ပုံကျေးရွာပျူစောထီးအဖွဲ့က ၎င်းတို့ရွာမှာအခြေစိုက်ထားတဲ့တပ်နှင့်ပေါင်းပြီး တောင်မြို့ကျေးရွာကို အကြောင်းမဲ့မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။ တောင်မြို့ကျေးရွာက အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်ခန့်ရှိတဲ့ ရွာသားတဦး ပစ်သတ်ခံရပြီး ရွာသူ ရွာသား ၂၀ ကျော် ဖမ်းဆီးခံရတယ်လို့သိရပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင်လအတွင်းကလည်း စစ်ကိုင်းမြို့နယ်ရှိ သာစည်လေးရွာ၊ ဘုရားလှရွာ၊ ညောင်ပင်ရှည်ရွာ၊ တလိုင်းကျွန်းရွာ၊ဒီပဲယင်းကွဲရွာစသည့်ရွာများအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Sagaing District Medical Team က ပြောသည်။


















































