▪︎KIO အထိမ်းအမှတ်နေ့ အကြို ဂီတပွဲကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အနုပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူများ သေဆုံးထိခိုက်သူ ၅၀ကျော်ရှိ
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူများ သေဆုံးထိခိုက်မှုအများအပြား ရှိခဲ့တယ်လို့ ကချင်ဒေသခံနဲ့ KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံတို့က ပြောပါတယ်။ မနေ့ည ၈နာရီကျော်မှာ စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ(၉)နယ်မြေရှိ အခမ်းအနားကျင်းပရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ် ဆင်ရေးမရှိဘဲ တမင်တကာအစီအစဥ်ရှိရှိ ပြည်သူလူထုနဲ့အတူတူရှိနေချိန်မှာ စစ်တပ်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အနုပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများနဲ့ KIA စစ်ဘက်မှ ပုဂ္ဂိုလ်များ ထိခိုက်ကျဆုံး အများအပြား ရှိခဲ့တယ်လို့ ကချင်ဒေသခံကပြောပါတယ်။ ဖားကန့်မှာ စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီး ဂိတ်တွေက သွားလာခွင့်လည်း ပိတ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီရဲ့ အခု လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

▪︎ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှုဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် KIOက ကချင်အလံကို တစ်ဝက်လွှင့်ထူ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူများ၊ အနုပညာရှင်များအပါအဝင် လူသေဆုံးထိခိုက်မှု များပြားခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ကချင်တိုင်းရင်းသားတွေနဲ့အတူ ဝမ်းနည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ ကချင်တို့အပေါ် လူသားအရင်းအမြစ် ပြုန်းတီးအောင် သတ်ဖြတ်မှု အပေါ် လွန်စွာ ဝမ်းနည်းရပြီး ရန်သူက ရန်သူပီသတယ်လို့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပိုအားထုတ်ရမှာဖြစ်ပြီး သွေးကို သွေး၊ချွေးကို ချွေးနဲ့ ပြန်ရွေးမယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း သူတို့ရဲ့ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားပါတယ်။ အလားတူ ပြည်သူလူထုများစွာကလည်း စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခဲ့လို့ ထိခိုက်ကျဆုံးခဲ့ရတဲ့ KIO/KIA အရာရှိ ၊ ရဲဘော်၊ ပြည်သူများအတွက် ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ရေးသားကြကာ ကချင်အလံပါ ပရိုဖိုင်ချိန်းပြီး ကချင်တိုင်းရင်းသားတွေနဲ့အတူ ရှိနေကြောင်း ပြသခဲ့ပါတယ်။ KIO က ဒီနေ့ကို ဝမ်းနည်းတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ကာ ကချင်နိုင်ငံတော် အလံတွေကို တစ်ဝက်ပဲ လွှင့်ထူပြီးမှ အလေးပြု ဝမ်းနည်းကြောင်းပြသထားတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံက ပြောပါတယ်။

▪︎အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ကောင်စီလုပ်ရပ်များ ရပ်တန့်ရေး အမြန်ဆုံးအရေးယူဖို့ ကုလနဲ့ နိုင်ငံတကာကို NUG တောင်းဆို
အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်များ အမြန်ဆုံးရပ်တန့်နိုင်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။ မနေ့ညက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူများအတွက် များစွာ၀မ်းနည်းကြေကွဲရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။ ကျဆုံးခဲ့သူ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိရေး ပြည်တွင်း နဲ့ နိုင်ငံတကာ တရားဥပဒေတွေနဲ့အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ကတိပြုပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကစလို့ တိုင်းရင်းသား နယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ(၂၀၀)ကျော် သေဆုံး၊ ပြည်သူလူထုရဲ့ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်လူသတ်စစ်တပ်အပေါ် အရေးယူဖို့ ပျက်ကွက်နေမှုတွေကြောင့် နေ့စဥ်အကြမ်းဖက်သတ်ဖြတ်မှုများကို ပြည်သူများ ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝေဖန်ပြစ်တင်ထားပါတယ်။

Public Service Announcement

▪︎ဖားကန့်ဗုံးကြဲမှုကို တံတားဦးလေတပ်စခန်းမှ တိုက်လေယာဥ်သုံးစီး ကျူးလွန်ခဲ့
ဖားကန့်မြို့နယ်မှာ မနေ့ညက အနုပညာရှင်များအပါအဝင် ပြည်သူ ဒါဇင်နဲ့ချီသေဆုံးစေခဲ့တဲ့ ဗုံကြဲတိုက်ခိုက်မှုကို စစ်ကောင်စီရဲ့ တံတားဦးလေတပ်မှတိုက်လေယာဥ်သုံးစီးက ပြုလုပ်ခဲ့တာလို့ လေကြောင်းသတင်းအချက်အလက်တွေဖော်ပြပေးနေတဲ့ ရင်းမြစ်များထံမှသိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအချက်အလက်များကို စုစည်းဖော်ပြပေးနေတဲ့ Enemy Air Route Channel (EAR)အချက်အလက်များအရ တံတားဦးလေတပ်စခန်းမှ မနေ့ည ၇ နာရီ ၄၅ မိနစ်မှာ Jet Fighter ၂ စင်း စတင်ထွက်ခွာပျံသန်းလာပြီး နောက်သုံးမိနစ်အကြာမှာ အခြားဂျက်ဖိုက်တာတစ်စီးထပ်မံထွက်ခွာလာခဲ့ပါတယ်။ အဲဒီဂျက်ဖိုက်တာသုံးစီးဟာ ည ၈ နာရီ ၅ မိနစ်မှာ ထီးချိုင့်မြို့ကိုဖြတ်သန်းကာ မြောက်ဖက်သို့ ဆက်လက်ပျံသန်းသွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် နာရီဝက်ခန့်အကြာမှာ ဖားကန့်မြို့နယ်မှာ ဗုံးကြဲပြီး တံတားဦးလေတပ်စခန်းကို ပြန်သွားခဲ့တာပါ။ ဂျက်ဖိုက်တာလေယာဥ်သုံးစင်းဟာ မနေ့ည ၉ နာရီ ၁၂ မိနစ်မှာ တစ်စီး ၊ ၉ နာရီ ၁၇ မိနစ်မှာ တစ်စီး ၊ ၉ နာရီ ၁၉ မိနစ်မှာ တစ်စီးတံတားဦးလေတပ်စခန်းသို့ ပြန်လည်ရောင်ရှိခဲ့တယ်လို့ EAR ရဲ့ အချက်အလက်များအရသိရပါတယ်။

▪︎စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်မယ်လို့ ရေးမြို့နယ်ကာကွယ်ရေးအထူးအဖွဲ့ အသိပေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လက်တုန့်ပြန်သွားမယ်လို့ မွန်ပြည်နယ် ရေးမြို့နယ် ကာကွယ်ရေးအဖူးအဖွဲ့(YSTF)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဥ်ဟာ ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့ သွေးချင်းညီအစ်ကို တိုင်းရင်းသားများအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုသာ ဖြစ်တယ်လို့ YSTFက ဆိုပါတယ်။ ‘ငါ/ရန် ပြတ်ကြလော့၊ နိုးထလော့၊ လုံ့လထကြွရှိကြလော့’ လို့ တိုက်တွန်းပါတယ်။ နောက်ပြီး YSTF တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ မည်သည့် ပုဂ္ဂိုလ်၊ စစ်ရေးပစ်မှတ်များကိုမဆို ချွင်းချက်မရှိ ပစ်မှတ်ထားကာ လက်တုန့်ပြန်သွားမှာဖြစ်တယ်လို့ တရားဝင် အသိပေးကြေညာလိုက်ပါတယ်။
▪︎လွိုင်ကော်မြို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံး
လွိုင်ကော်မြို့ ကုန်းသာကျေးရွာစစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့တယ်လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ညပိုင်းက မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ (၄၂၂)တပ်က စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးခဲ့သူမှာ အသက်(၃၅)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဖော်ပြပါတယ်။ ၈ နှစ်အရွယ် ကလေးမှာလည်း ပေါင်ကို ရှပ်ထိဒဏ်ရာရထားတယ်လို့ ကွန်ရက်တာဝန်ရှိသူက ပြောပါတယ်။ အခုလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အရပ်သား ၅ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ ပါတယ်။
▪︎ကမာကြည် အမှတ် ၂ တံတားပေါ်ကနေ အမျိုးသမီးငယ် တစ်ဦးခုန်ချ
တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတား အမှတ် (၂) ပေါ်ကနေ အမျိုးသမီးငယ် ၁ ဦး ဒီနေ့မနက်ပိုင်းက ခုန်ချသွားတယ်လို့ သိရပါတယ်။ အသက် ၂၀ ခန့်အမျိုးသမီးငယ် တံတားပေါ်က ခုန်ချသွားတာကို သတင်းပေးပို့လာလို့သွားရောက် ရှာဖွေခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် (ခ )ရပ်ကွက်အခြေပြု လူမှုရေးအသင်းက အသိပေးထားပါတယ်။ လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတွေအရ တံတားလူသွားပလက်ဖောင်းပေါ်မှာ အမျိုးသမီးကိုင် စလင်းဘတ်အမဲရောင် ၁ လုံး ၊ ပိုက်ဆံအချို့ ၊ မိတ်ဆက်လိပ်စာကတ်အချို့ ၊ တယ်လီဖုန်း နဲ့ နားကြပ်ဗူးတို့ကို ချန်သွားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်နဲ့ သာကေတမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေ အမျိုးသား ၁ ဦးခုန်ချပြီး သေဆုံးသွားပါတယ်။

▪︎မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထပ်မံဆွေးနွေးမယ်
မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးစိုက်ရာ အင်ဒိုနီးရှား၊ ဂျာကာတာမှာတွေ့ဆုံမယ့် အဲဒီဆွေးနွေးမှုဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခများအဆုံးသတ်ရေး မနှစ်က ချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်ရေးကို လွှမ်းခြုံပါဝင်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က Reuters သတင်းဌာနကို ပြောပါတယ်။ ဒီတစ်ကြိမ်ဆွေးနွေးမှုဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး ဘယ်လိုတွန်းအားပေးမလဲဆိုတာကို အကြံပြုချက်များ ထွက်ပေါ်ဖို့ အဖြေရှာကြမယ်လို့ ဆိုပါတယ်။
▪︎မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ ပစ်ခတ်
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ မိုင်းရှင်းတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ လမ်းပေါ်အထိတက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်း မြင်းမူကနေ စစ်ကိုင်းမြို့ဘက်သို့ ဦးတည်တဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးမိုင်းရှင်းတဲ့အဖွဲ့ကို စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နဲ့ GTR MMU အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
▪︎မြိုင်နယ်မှာ စစ်ကောင်စီစခန်းနှစ်ခုနဲ့ ပျူရွာသုံးရွာကို တပြိုင်နက်တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပခုက္ကူ၊ မြိုင်နဲ့ ပေါက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ စစ်ကောင်စီစခန်းနှစ်ခုနဲ့ ပျူစောထီးရွာ သုံးရွာကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေး ငါးခုကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ မိနစ်အနည်းငယ်စီသာခြားကာ စတင်ခဲ့ပြီး မြိုင်နယ်အတွင်းရှိ သရက်ကန်နဲ့ သရက်ခွပျူစောထီးရွာ၊ ဝက်ပုတ်ပျူရွာ၊ ကျောက်ခွက်နယ်မြေစခန်းနဲ့ ဖလန်ကိုင်းနယ်မြေစခန်းတို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သရက်ခွ ပျူစောထီးရွာကို လက်နက်ကြီး၁၅၀ ခန့်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက်ဝိုင်းပြီး တရစပ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး ကျေးရွာကာကွယ်ရေးအဖွဲ့တွေဟာ သရက်ကန်ပျူရွာကို လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ရေ ၉၀ကျော်ခန့်ပစ်ခတ်ခဲ့ပြီး ၁နာရီခွဲကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောပါတယ်။ အလားတူ ကျောက်ခွက်စခန်းကိုလည်း မြိုင် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြိုင်နဲ့ ပေါက်နယ် ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ဖလန်ကိုင်းနယ်မြေရဲစခန်းကို လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ရေ ၅၀ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယျာကပြောပါတယ်။ ဝက်ပုတ်ပျူရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူတွေကို မြိုင် ၊ ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လက်လုပ်လက်နက်ကြီးတွေနဲ့ အချက်ရေ ၁၀၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ပျူများ ထိခိုက်မှုအခြေအနေကို စုံစမ်းနေပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ တပ်ဖွဲ့ဝင်၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယျာက ပြောပါတယ်။
















































