တော်လှန်ရေးခရီးကြမ်းပေမယ့် အာဏာရှင် စနစ်ကို တိုက်ခိုက်ပြီး လိုချင်တဲ့ အနာဂတ်ကို အရောက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးပြော
ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၂) တစ်နှစ်ပြည့်အခမ်းအနားနဲ့ စစ်နည်းဗျူဟာ သင်တန်းဆင်းပွဲကို ဒီနေ့ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ပါတယ်။ တော်လှန်ရေး ခရီးလမ်းဟာ ခက်ခဲမယ် ပင်ပန်းကြမ်းတမ်းပေမယ့် ရဲဘော်တွေနဲ့အတူတူ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်အောင်မြင်ပြီးလိုချင်တဲ့ အနာဂတ်ကို ရောက်အောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ကတိပြုပါတယ်။ အဲဒီသင်တန်းမှာ ချင်းပြည်နယ် မင်းတပ် ခလရ (၂၇၄) တပ်မှ CDM ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ Hunter Hero က စစ်နည်းဗျူဟာ မြေပုံ ပညာနဲ့ ရန်သူ့အင်အား တွက်ချက်ပုံ၊ လက်နက်ကြီး၊လက်နက်ငယ်ပစ်လျှင် ရောက်ရှိမယ့် အကွာအဝေး၊ လက်နက်ကိုင်တွယ်ပုံများ စတဲ့ စစ်ပွဲတွင် ကြုံတွေ့ရမယ့် အချက်အလက်များ၊ တော်လှန်ရေး ရေချိန် မြှင့်ချိန် အဆင်သင့် ကောင်းမွန်စွာနဲ့ စစ်ကောင်စီကို တိုက်ထုတ်နိုင်ဖို့ စတဲ့ နည်းနာတွေကို ပို့ချခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) ခေါင်းဆောင်တစ်ဦး မျှဝေတဲ့ တပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်များ၊ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့၊ ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာကြံ့ခိုင်အောင် နေ့စဉ်လေ့ကျင်ဖို့၊ မည်သည့်အခြေအနေ ကြုံရသည်ဖြစ်စေ တည်ငြိမ်စွာ ကောင်းမွန်တဲ့ ရလဒ် အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ဖို့တို့ကို ဖော် ပြထားပါတယ်။
CDM တပ်မတော်သားတွေနဲ့ နိုင်ငံရေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့တဲ့ လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးဖို့ မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့
CDM တပ်မတော်သားများအပါအဝင် နိုင်ငံရေးဒုက္ခသည်များကို နေရပ်ပြန်ပို့တဲ့ လုပ်ရပ်အား ချက်ခြင်းရပ်တန့်ပေးဖို့ CDM တပ်မတော်သားများ အဖွဲ့အစည်းလေးခုက မလေးရှားဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။ မလေးရှားမှာ ရှောင်တိမ်းနေထိုင်နေတဲ့၊ UNHCRမှာ နိုင်ငံရေးခိုလှုံခွင့် တောင်ခံထားဆဲ CDM ရေတပ်အရာရှိ (၆) ဦးကို မလေးရှားအစိုးရက စစ်ကောင်စီလက်သို့ အောက်တိုဘာလ ၆ ရက်မှာ အတင်းအကျပ် ပြန်လည်လွှဲပြောင်းပို့ခဲ့တဲ့အပေါ် ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ ပြည်သူ့စစ်သားဇနီးများ၊ Breaking Brainsashed တို့က မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်ထံ ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို မျက်ကွယ်ပြုတဲ့ မလေးရှားအစိုးရရဲ့ လုပ်ရပ်အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာမှာ ဖော်ပြပါတယ်။

တော်ဝင်နွေဦးစီမံကိန်း(ဗဟန်း) ပေ ၄၀×၆၀ မြေကွက်များ မိနစ်၉၀အတွင်း ရောင်းကုန်ခဲ့
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နွေဦးစီမံကိန်းရဲ့ ပေ ၄၀×၆၀ မြေကွက်များကို မနေ့က စတင်ရောင်းချရာ မိနစ်၉၀အတွင်း မြေကွက် ၁၂၀ လုံးရောင်းကုန်သွားတယ်လို့ NUGရှယ်ယာနှင့်မြေကွက်များရောင်းချရေးအဖွဲ့ (EOD)က ဒီနေ့ထုတ်ပြန်ပါတယ်။ တော်လှန်ရေးဟာ ရှေ့သို့ချီလာတာနဲ့ တပြိုင်တည်း ထောက်ပို့ရဲဘော်များကလည်း နောက်ကျန် မနေခဲ့ဘဲ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်း ရောင်းကုန်သွားပါပြီလို့ EOD က မနေ့ကပဲ ဖော်ပြပါတယ်။ တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်လို့ မြေကွက် ၁၂၀ အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမှာဖြစ်ပါတယ်။ တော်ဝင်နွေဦးစီမံကိန်းမှ ပေ ၄၀× ၆၀ မြေကွက်များရောင်းကုန်သွားတာကြောင့် ၆၀ ပေ x ၈၀ ပေမြေကွက်များကို ဆက်ရောင်းနေတယ်လို့ သိရပါတယ်။

Public Service Announcement

မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို
မနေ့က တစ်နေကုန်ဖြစ်ပွားခဲ့တဲ့ မိုးမောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အလွန်အထိနာသွားပြီး ဒီနေ့ အင်အားအများအပြားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က တိုက်ပွဲမှာ ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကားလေးစီးနဲ့ လာရောက်သယ်ဆောင်ခဲ့ပြီး ဒီနေ့မနက်မှာတော့ စစ်ကားအများကြီး ထပ်တက်လာတယ်လို့ မိုးမောက်မြို့ခံတစ်ဦးက ပြောပါတယ်။ ကချင်လွပ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်နဲ့ ကျောက်စခန်းပတ်ဝန်းကျင်မှာ မနေ့ကစလို့ ဒီနေ့မနက်အစောပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေရှိသလို အင်အားလည်းဖြည့်တင်းထားလို့ တိုက်ပွဲ ပိုမိုပြင်းထန်လာဖို့ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။
ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံး
ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်အုပ်စု ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မှာ ရေယာဥ်ခုနစ်စီးပါ စစ်ကောင်စီတပ်ဟာ ကသာမြို့နယ်၊မိုးတားလေးကျေးရွာမှ အထက်သို့ ဆန်တက်လာစဥ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ကသာမြို့နယ်ထဲက ဆင်ကုန်တိုင်ရွာမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးကျည်မှန်ထိမှန်ကာ သေဆုံးခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီသင်္ဘောအုပ်စုဟာ ဆန်တက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊အပြစ်မဲ့ပြည်သူများသေဆုံးခြင်းဖြစ်ပေါ်ခဲ့တာကြောင့် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မှတ်တမ်းတင်ထားရှိပြီး ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကတိပြုပါတယ်။
ယူနက်စကိုစာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းကို စစ်ကောင်စီတပ်စွဲပစ်ခတ်နေလို့ ရွာပေါင်း ၂၀ခန့်မှ ပြည်သူများထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းကို စစ်ကောင်စီတပ်စွဲပစ်ခတ်နေလို့ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းကို လက်နက်ကြီးတွေ တရစပ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဟန်လင်းပျူမြို့ဟောင်းမှ အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟန်လင်းအပြင် ဆားတောင်ကြီး၊စခန်းသာ၊ပုလဲသွယ်၊မုဆိုးခြုံ၊ဘူတာ၊ဘိုတဲ၊မှတ်ထိ၊သရိုင်၊မင်းကုန်း၊ချောင်းမှီးတို၊ရွာသစ်ကုန်း၊သဲကျွန်း၊ရွှေကျင်၊ကံကြီးတော၊ဇောက်ညမ်းကုန်း၊ဂွေးကုန်း၊တကန်သာ၊ကြိုးကြာ၊ကျောက်မန်းကန် စတဲ့ကျေးရွာအများပြားမှ ဒေသခံပြည်သူပေါင်းသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီကျွန်ခံ Non-CDMများကို လက်တွေ့ကျကျ အရေးယူတော့မယ်လို့ မတူပီ CDF သတိပေး
စစ်ကောင်စီအတွက် ကျွန်ခံပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အသက်သွင်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်နေတဲ့ Non CDM ဝန်ထမ်းများကို လက်တွေ့ကျကျ အရေးယူတော့မယ်လို့ မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က မနေ့က သတိပေးထုတ်ပြန်ပါတယ်။ ပြည်သူလူထုနဲ့အမြန်ဆုံးရပ်တည်ပေးဖို့ အသိပေးလိုက်တာဖြစ်တယ်လို့လည်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာ Non- CDM တွေဟာ ကိုယ်ကျိုးတစ်ခုကိုသာကြည့်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ Non-CDM တွေဟာ မတူပီ CDFမှ အသိပေး ထုတ်ပြန်ချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပေမယ့် CDM မှာ ပူးပေါင်းပါဝင်မှုမရှိဘဲ တရားမဝင် စစ်ကောင်စီကျွန်ခံကာ ယန္တရားများကို လည်ပတ်စေခဲ့တယ်လို့ ဖော်ပြပါတယ်။
မတ္တရာမှာ PDFစခန်းဝင်စီးတဲ့ စစ်ကောင်စီတပ် ပဒေသာမိုင်းထိ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ PDFစခန်းဝင်စီးတဲ့ စစ်ကောင်စီတပ်များ ပဒေသာမိုင်းထိပြီး စစ်ကောင်စီအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်များ အထိအခိုက်များတယ်လို့ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကျေးရွာရှိ သစ်တောရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းချိန်မှာ အဆင်သင့်ထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ နှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂ဝ ရက်က မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာမှာ ဒေသခံပြည်သူ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦးအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး နေအိမ် ၉လုံးအား မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ ဇီးဖြူပင်ကျေးရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်၃လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ သတ်ဖြတ်ခံရသူ ဝန်ထမ်းမှာ စစ်ကောင်စီရဲ့(Non-CDM) ဆည်မြောင်းဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြိုင်နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ကျောက်ခွက်ရေနံမြေစခန်းကို PDFများက စစ်မျက်နှာသုံးခုမှ တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်အုပ်စုတပ်စွဲရာ ကျောက်ခွက်ရေနံမြေစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက စစ်မျက်နှာသုံးခုကနေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ BlackGod ပြောက်ကျားတပ်ဖွဲ့(မြိုင်) ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောပါတယ်။ အောက်တိုဘာ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်နဲ့ ရဲများ အထိုင်ချတပ်စွဲထားတဲ့ မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 ရှိ စစ်ကောင်စီစခန်းကို (၁၂၀)မမ ၊ (၈၀) မမ၊ (၆၀)မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်အပြီး စစ်ကောင်စီရဲ့ အခြေအနေကို ဒရုန်းနဲ့ ကြည့်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို လက်နက်ကြီး တည့်တည့်ကျတယ်လို့ ကိုမိုးစက်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံးရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ BlackGod ပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။


















































