စစ်ကောင်စီတပ် နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ၊ MNDAA ရဲဘော်တစ်ဦးကျဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၁ရက် နံနက်က နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု MNDAAက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက် လာသည့် MNDAA၏ တပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၁ရက် နံနက် ၇နာရီခန့်တွင် သံလွင်အရှေ့မြောက်ဘက်ခြမ်းဒေသ၌ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန်ပြောပြသည်။

“အဲဒီတိုက်ပွဲမှာက MNDAAက တစ်ယောက်ကျတယ်။ စစ်ကောင်စီက နှစ်ယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။တပ်မဟာ(၆၁၁)က သူတို့က ဒီတိုက်ပွဲက ပထမဆုံးအကြိမ်ဖြစ်တာ။တပ်မဟာ(၆၁၁)ဆိုတဲ့ဟာက အခုမှပဲ စတင်လှုပ်ရှားတာ”ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောသည်။
MNDAAတွင် တပ်မဟာ (၂၁၁)၊တပ်ဟာ(၃၁၁)၊ တပ်မဟာ(၅၁၁)နှင့် ယခု အသစ်ပေါ်ပေါက်လာသည့် တပ်မဟာ(၆၁၁)ဟူ၍ တပ်မဟာ ၄ခုရှိသည်။

Public Service Announcement

“အရင်ဖြစ်တာက တပ်မဟာ(၅၁၁)က ဖြစ်တာများတယ်။ မုံးကိုး ၊ မူဆယ်ဘက်တွေပေါ့”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။
MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၁ ဇူလိုင်မှစ၍ ကွတ်ခိုင်၊ မုန်းကိုး၊ လားရှိုး၊ သိန္နီ ဒေသများ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယခုနှစ်ဆန်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု ပြန်လည်လျော့ကျသွားရာ နိုဝင်ဘာလတွင် တိုက်ပွဲပြန်လည် စတင်ဖြစ်ပွားလာခဲ့သည်။
ယမန်နေ့ (နိုဝင်ဘာ၂ရက်)ကလည်း လားရှိုးမြို့နယ် လွယ်ဝိန်ရွာအထက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံက ပြောကြားထားသည်။


















































