အမျိုးသားညီညွတ်ရေးအစိုးရ NUGကို တရားဝင်အစိုးရအဖြစ် ဥရောပပါလီမန်(European Parliament)က အသိအမှတ်ပြုကြောင်း လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
ဥရောပပါလီမန်သည် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို ဘယ်လ်ဂျီယံ၊ ဘရက်ဆဲလ်၌ ကျင်းပသည့် အစည်းအဝေးသို့ မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်သော တရားဝင်ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်သို့ မြန်မာ့အရေး ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မဖြစ်မနေ အသိအမှတ်ပြုရမည်ဟု ထည့်သွင်းပြောကြားသည်။

Public Service Announcement

“NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့အတွက် European Parliament ကို အထူးကျေးဇူးတင်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ယနေ့ ရေးသား အသိပေးသည်။


ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားရာတွင်လည်း အကြမ်းဖက်စစ်အုပ်စုအပေါ် လေယာဉ်ဆီ အပါအဝင် ပိုမိုကျယ်ပြန့်သော ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရန်၊ လူသားချင်းစာနာမှု အထောက်အပံ့များကို NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ တဆင့်ပေးအပ်ရန်တို့ကို တောင်းဆိုခဲ့သည်။
ထို့အပြင် အာဆီယံ၏ တူညီဆန္ဒ ၅ရပ်မှာ အလုပ်မဖြစ်ဘဲ ယင်းအစား ပိုမိုအားကောင်းသည့် အရေးယူဆောင်ရွက်မှုနှင့် ပြောင်းလဲရမည်ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးမှာ အာဆီယံ၏ တစ်ကိုယ်တော်ရှိုး မဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
