Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဘောလခဲနယ် စစ်​ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီပူး​ပေါင်းတပ်များသိမ်းပိုက်

ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်မှာ အခိုင်အမာတပ်ချထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်နီပူး​ပေါင်းတပ်များက မနေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းများ၊ မိုင်းများသိမ်းဆည်းရရှိသလို စစ်သားအ​လောင်း ၅ ​လောင်းရရှိပြီး စခန်းရှိကျန်စစ်သားများ ထွက်​ပြေးကုန်​တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဥ်(၁)စီးနဲ့ (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်တွေကလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်း တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးသွားတဲ့ ရဲဘော်ကို KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်ပါတယ်။

▪️တရားမဝင်ရွေးကောက်ပွဲအတွက် လှုပ်ရှားဆောင်ရွက်ပါက သတင်းပေးတိုင်ကြားဖို့ ဂန့်ဂေါ(ပအဖ)ကြေညာ

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့များ၊ ဝန်ထမ်းများက တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများရှိပါက သတင်းပေးတိုင်ကြားဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ အတွင်း တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် သန်းခေါင်စာရင်းနဲ့ မဲစာရင်းများ ကောက်ခံဖို့ ကြိုးစားဆောင်ရွက်နေတဲ့အပေါ် အခုလို သတိပေးကြေညာလိုက်တာလို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့ အသိပေးပါတယ်။

▪️စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မယ်လို့ ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နဲ့ ပူးတွဲကြေညာ

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဖွဲ့စည်းထားတဲ့ ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အဆုံးထိ ပါဝင်သွားမယ်လို့ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့နဲ့အတူ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ ကလလတ လို့ ခေါ်ဆိုတဲ့ KNPLF မှာ စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)အဖြစ် ဆက်လက်သွားလိုတဲ့ ခေါင်းဆောင်အချို့ရှိနေသကဲ့သို့ စစ်အာဏာရှင် တော်လှန်ရေး ဆောင်ရွက်နေတဲ့ ခေါင်းဆောင်အချို့လည်းရှိနေတယ်လို့ ကရင်နီ သတင်းရင်းမြစ်က ပြောပါတယ်။ အခု ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဒီဇင်ဘာအတွင်းက ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲ ဟွေအောကျေးရွာအနီး ပစ်ခတ်မှု ဖြစ်စဉ်နဲ့ပတ်သက်လို့ KNPLF၊ KAနဲ့ KNDF အကြား အဖြစ်မှန် ပေါ်ပေါက်ရေး ကော်မတီဖွဲ့ ဆောင်ရွက်ခဲ့ခြင်းအပေါ် လူထုကို အသိပေးရှင်းပြခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မည်ဟု BGF ဖွဲ့စည်းထားသည့် ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နှင့်အတူ ပူးတွဲကြေညာ
စစ်အာဏာရှင်တိုက်ဖျက်ရေးအဆုံးထိပါဝင်မည်ဟု BGF ဖွဲ့စည်းထားသည့် ကရင်နီ ကလလတအဖွဲ့က KA၊KNDF တို့နှင့်အတူ ပူးတွဲကြေညာ

▪️မုံရွာမြို့ပေါ် စစ်​ကောင်စီတပ်ရုံးရှိရာ ရပ်ကွက် ဓါးပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မနေ့ညက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ရှင်ဇနီး​မောင်နှံမှာ အမျိုးသားသေဆုံးခဲ့ကာ ဇနီးဖြစ်သူမှာ ဒဏ်ရာများရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို မနေ့ ည ၁၀ နာရီခွဲခန့်က ဓားပြတိုက်ခံရခြင်းဖြစ်ပြီး သေနတ်သံများပါကြားလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အောင်ချမ်းသာရပ်ကွက်ဟာ ခမရ ၁၆ အ​မြောက်တပ်၊ အရင်စသုံးလုံး (အထူးစုံစမ်းစစ်​ဆေး​ရေးဌာန) ရုံးများရှိရာ ရပ်ကွက်ဖြစ်​ပါတယ်။ အဲဒီလို ရပ်ကွက်မှာ အတင့်ရဲစွာဓါးပြတိုက်တာဖြစ်လို့ စစ်​ကောင်စီတပ်သား၊ စစ်​ကောင်စီတပ် ​နောက်လိုက်များက ကျူးလွန်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက မှတ်ချက်ပြုပါတယ်။

▪️DKBA တပ်မှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ DKBA တပ်မှူးတစ်ဦးက ပြောပါတယ်။ တိုက်လေယာဉ် ၄ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင် အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ဗိုလ်မှူးကြီးစောအေဝမ်းနဲ့ မိသားစုများ လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

▪️စျေးဝယ်ပြန်လာတဲ့ ပျူရိက္ခာယာဉ်ကို တိုက်ခိုက်ရာ ပျူနှစ်ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ ပျူစောထီးအဖွဲ့ရိက္ခာယာဉ်ကို တိုက်ခိုက်ရာ ပျူနှစ်ဦးသေဆုံးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ မနေ့ နေ့ခင်းက မြိုင်မြို့ပေါ်မှ သရက်ခွရွာသို့ ပြန်လာတဲ့ ပျူစောထီးအဖွဲ့ရဲ့ ရိက္ခာယာဉ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပျူ နှစ်ဦးသေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ -၁ ၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စက်ြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ MVPRF၊ Hero New GZ ၊ Myaing warriors ၊မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ၊ ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

▪️ကန့်ဘလူနယ်မှာ စစ်အုပ်စုကို လက်နက်ကြီးများနဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်း​ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို မနေ့ညပိုင်းက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Kanbalu Underground Warriors အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နတ်အင်းကျေးရွာမှာ အထိုင်ချထားတဲ့ နေရာနဲ့ ကင်းချထားတဲ့ နေရာအတွင်းရှိ စစ်ကောင်စီတပ်နဲ့ ပျူတွေကို (၆၀)မမ လေးလုံး ၊ (၁၂၀)မမ သုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီး တော်လှန်ရေးအင်အားစုရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

▪️ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်ကို PDFများတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ တပ်ခွဲ(၃) Scorpions People Defense Force အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ နနွင်းကိုင်း၊ရွှေတစ်ချောင်းဘက်သို့ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သေဆုံးမှုလည်းရှိနိုင် တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုကို မြင်းခြံခရိုင် တပ်ရင်းအမှတ်(၃)က ထုတ်လုပ်တဲ့ လက်လုပ် ရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။