Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မျှော်မှန်းထားသည့် ပစ်မှတ်များကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း စစ်ရေးရည်မှန်းချက်ပြည့်မီခဲ့ဟု NUG ပြော

၂ ရက်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ စစ်ရေးပစ်မှတ် ၃၅ ခုကို တိုက်ခိုက်မှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ကျန်ရှိသောစစ်ရေးဆိုင်ရာလှုပ်ရှားမှုသတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG
ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG

▪︎ယခုထက် ပိုမိုအဆင့်မြင့်သည့် တိုက်ပွဲပုံစံ ထိုးစစ်သဏ္ဍန် ထိုးစစ်များကို လုပ်ဆောင်သွားမည်ဟုဆို

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ​ဖေ​ဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တွင်စစ်ကိုင်းနှင့်မကွေးတိုင်းတို့ရှိစစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာတွင် မျှော်မှန်းထားသည့် ပစ်မှတ်များကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ရာခိုင်နှုန်းထက်ဝက်ကျော်ကာ စစ်ရေးရည်မှန်းချက်ပြည့်မီခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

၂ ရက်အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ စစ်ရေးပစ်မှတ် ၃၅ ခုကို တိုက်ခိုက်မှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ကျန်ရှိသောစစ်ရေးဆိုင်ရာလှုပ်ရှားမှုသတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ

“စစ်ရေးရည်မှန်းချက်အနေနဲ့ ပြည့်မီတဲ့အတွက် ကျေနပ်မှုရှိတယ်။ဒီလိုမျိုးတိုက်ခိုက်နိုင်မှုတွေကနေကျွန်တော်တို့မဟာဗျူဟာကျကျ ချိတ်ဆက်ထားနိုင်မှု၊ အပြန်အလှန်အမိန့်ပေးကွပ်ကဲနိုင်မှု ဒါတွေကိုလည်းပဲတွေ့ရှိရမှာဖြစ်သလိုတစ်ဖက်မှာလည်း မလုပ်ဆောင်နိုင်တဲ့ ကိစ္စတွေမှာ ဘာကြောင့်မလုပ်ဆောင်နိုင်ခဲ့လဲဆိုတဲ့ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ပြီး ရှေ့လုပ်ငန်းစဥ်တွေအတွက် အကျိုးရှိတဲ့ တိုက်ခိုက်နိုင်မှုတွေလို့ ယူဆလို့ရပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါတိုက်ခိုက်မှုများတွင် ‘မဟာဗျုဟာကျ ဟန်ချက်ညီညီ’ တိုက်ခိုက်နိုင်ခဲ့သည်ဟု သုံးနှုန်းပြီး PDF များ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ မဟာမိတ်များ၊ ချိတ်ဆက်ထားသည့် Local Defense Force အားလုံးနှင့် အချိတ်အဆက်မိမိ၊ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် နေရာပေါင်းစုံမှ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

​ဖေ​ဖော်ဝါရီ ၉ ရက်တွင်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကိုတိုက်ခိုက်ခဲ့​သော ဆိတ်ဖြူဘာမထီတပ်ဖွဲ့ မှ တာဝန်ခံ ကိုပိုင်ကလည်း”ကျနော်တို့ တိုင်းဒေသကြီးတစ်ခုလုံးနဲ့ခြုံကြည့်ရင် ဒီ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်တွေမှာ စစ်ရေးပစ်မှတ်အများအပြားကို ဟန်ချက်ညီညီတိုက်ခိုက်လာနိုင်တဲ့အပေါ် အားရပါတယ်။ ပြောပါဆို Chain Of Command – COC အားကောင်းလာတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ကျနော်တို့ရဲ့ အားနည်းမှုတစ်ခုလို့ ပြောနိုင်တာက လက်လုပ်တွေပဲ အားကိုးနေရတာပေါ့။ သေနတ်ဆိုလည်း လက်လုပ်၊ လက်နက်ကြီးဆိုလည်းကိုယ်တိုင်ထုတ်တွေပဲ သုံးရတော့ ထိရောက်မှုနည်းပြီး ချို့ယွင်းချက်တွေရှိနေတာပါ”ဟု​ပြောသည်။

အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks
အထိနာသွားခဲ့သည့် စစ်ကောင်စီတပ် ကျန်ခဲ့သော ယူနီဖောင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Madaya GZ၊ Wetlet Information Networks

မုံရွာရှိ အ​​​နောက်​မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)သို့​ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့​သောမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) ၏ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကလည်း ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်​ကောင်စီတပ်အထိနာခဲ့​ကြောင်း​ပြောသည်။

NUG သည် လက်ရှိတစ်နှစ်တာကို တော်လှန်ရေး အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ကာ ‘One Year Plan’ အရ ယခုကဲ့သို့ ‘မဟာဗျုဟာကျ ဟန်ချက်ညီညီ’ တိုက်ခိုက်မှုများကို တစ်နိုင်ငံလုံးအနှံ့ ဖော် ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုထက် ပိုမိုအဆင့်မြင့်သည့် တိုက်ပွဲပုံစံ ထိုးစစ်သဏ္ဍန် ထိုးစစ်များကို လုပ်ဆောင်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရှင်းပြသည်။

“ဒါပေမဲ့ ဒီလို plan တွေ အတိုင်း သေသေချာချာတွေ လုပ်နိုင်ဖို့အတွက် တိုက်ပွဲတစ်ပွဲ တိုက်ရတိုင်းတိုက်ရတိုင်း နောက်မှာ ငွေရေးကြေးရေး ကုန်ကျစရိတ်က ကပ်လိုက်နေတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ အားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ရရှိနိုင်ဖို့အတွက် ဒီလိုကြိုးစားတိုက်ပွဲနေကြတဲ့ သူတွေရဲ့နောက်မှာ အခုရှိနေတဲ့ပုံစံအတိုင်း ဆက်လက်လျော့မသွားဘဲနဲ့ တော်လှန်ရေးအပေါ်မှာ ငွေကြေးအရဖြစ်စေ၊စိတ်ဓာတ်ရေးရာအရဖြစ်စေ နောက်အခြားနည်းလမ်းပေါင်းစုံနဲ့ဖြစ်စေ ဆက်လက်ပြီးတော့ ထောက်ပံ့ကူညီ ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ ပြည်သူတွေရဲ့ ဇွဲမလျှော့ဘဲ ပူးပေါင်းပါဝင်မှုကြောင့် တော်လှန်ရေးဟာဒီအခြေအနေရောက်လာတာဖြစ်သလိုပဲ ဒီတော်လှန်ရေး အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ဖို့ဆိုတာလည်း ပြည်သူလူထုရဲ့ အင်အားတွေ၊ စဥ်ဆက်မပြတ် ဆက်လက်ပြီးတော့ ပံ့ပိုးပေးမှသာလျှင် ဒီတော်လှန်ရေးဟာ အောင်မြင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ စစ်ကိုင်းတိုင်း ၉ မြို့နယ်ရှိ စစ်ရေးပစ်မှတ် ၁၆ ခုကို တိုက်ခိုက်ရာ ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ အလားတူ မကွေးတိုင်းရှိ စစ်ရေးပစ်မှတ် ၁၉ ကို တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၃၁ ဦး သေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။