▪︎ KNU တပ်မဟာ(၅) ကိုယ်စားလှယ်မတက်ရောက်သေး၊ကွန်ကရက်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်
•ကြားကာလခေါင်းဆောင်များရွေးချယ်ပြီး အဖွဲ့အစည်းကို ဦးဆောင်ရန်ဆွေးနွေးမှုရှိ
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ၁၇ကြိမ်မြောက် ကွန်ကရက်ကို ဖေဖော်ဝါရီ ၂၇ရက်က စတင်ကျင်းပခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောကြားပြီး ရန်သူ့ လေကြောင်းရန်ကြောင့် အွန်လိုင်းစနစ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းနေသည်ဟုသိရသည်။
KNU အဖွဲ့၏ ခေါင်းဆောင်မှု ပြန်လည်ရွေးချယ်သည့် ကွန်ကရင်ကို လေးနှစ်တစ်ကြိမ်သတ်မှတ်ထားသော်လည်းကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် သတ်မှတ်ကာလအတွင်းမကျင်းပနိုင်ဘဲဖြစ်နေသည်။ ၂၀၂၂ နှစ်ကုန်ပိုင်းက ကျင်းပရန် စီစဉ်ခဲ့သော်လည်းစစ်တပ်ကလေကြောင်းတိုက်
ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ကွန်ကရက်ကျင်းပနိုင်ရေး နှောင့်နှေးခဲ့ရသည်ဟုKNUသတင်းရင်းမြစ်များကပြောသည်။

“အွန်လိုင်းနဲ့ပဲ လုပ်မယ်ဆိုတော့ ပြန်ညှိနှိုင်းရမှာပေါ့။ ဒါက တော်တော်လေး အချိန်ယူရတာပေါ့။တချို့ကျတော့ ဒီလို လုပ်ခြင်းအားဖြင့် ဖြစ်ပါ့မလားပေါ့။ အရင်ကမျက်နှာချင်းဆိုင်လုပ်တာတောင်ပြောရဆိုရအချိန်ယူရတာဆိုတော့ အခုလို လုပ်ခြင်းအားဖြင့် ထိရောက်မှုမရှိဘူးပေါ့နော်။ တချို့က အမြင် အဲဒီလို ရှိတာပေါ့။ အခုက ညှိနေတုန်းပဲ။ မျက်နှာချင်းဆိုင် အရင်ပုံစံမျိုး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အခုအချိန်မှာ ရန်သူကလည်း လေကြောင်းကနေလုပ်တာရှိတယ်” ဟု KNU သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ၁၆ကြိမ်မြောက် KNU ကွန်ကရက်ကို ၂၀၁၇ က ကျင်းပခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ကျနော်တို့ ကွန်ကရက်က လေးနှစ်တစ်ကြိမ်လုပ်ဖို့၊ သတ်မှတ်ထားတဲ့ သူ့ရဲ့ ဖွဲ့စည်းပုံအရဆိုရင် ၂နှစ်ထက်မကျော်ရဘူးပေါ့နော်။ အခုက ၂နှစ်ကျော်ပြီဆိုတော့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲဆိုတာ ညှိနေကြတယ်”ဟုKNUသတင်းရင်းမြစ်ကဆက်ပြောသည်။
ယခု စတင်နေသည့် ကွန်ကရက်သို့ KNU တပ်မဟာ(၅)မှ ကိုယ်စားလှယ် တက်ရောက်မှုမရှိဟု Salween Press က ဖော်ပြသည်။
ယင်းနှင့်ပတ်သက်၍KNU သတင်းရင်းမြစ်ကကိုယ်စားလှယ် အချို့ မတက်ရောက်၍ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေသည်ဟု ပြောသည်။
KNU ကွန်ကရက်စတင်ကျင်းပနေမှု နှင့်ပတ်သက်၍ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းထံသို့ သဘောထား မှတ်ချက်မေးမြန်းရာ လတ်တလော မှတ်ချက်ပြု၍မရသေးဟု ဖြေကြားသည်။
ပုံမှန်အားဖြင့် KNU ကွန်ကရက်ကျင်းပမှုမှာ တစ်လကျော်ကြာမြင့်တက်ရာ ယခု အခြေအနေတွင်မြေပြင်၌ မတွေ့ဆုံနိုင်ခြင်းကြောင့် အကြပ်အတည်းကြုံနေရသည်ဟုသိရသည်။
“တချို့လူတွေကမလုပ်ဘဲနဲ့ ကြားကာလ ခေါင်းဆောင်ကို ရွေးပြီးတော့ အဖွဲ့အစည်းကို ဦးဆောင်ဖို့ ဆိုတာ မျိုးလုပ်ရင်ကောင်းမလား ပြောတာရှိတာပေါ့”ဟုKNUသတင်းရင်းမြစ်ကပြောသည်။
ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများက KNU၏နိုင်ငံရေး ဦးဆောင်မှုအကြပ်အတည်းနှင့် ခေါင်းဆောင်မှု ပြဿနာအောက်မှရုန်းထွက်နိုင်ရန် KNUဗဟိုအလုပ်အမှုဆောင်ကော်မတီ တစ်ဖွဲ့လုံးမှ တာဝန်ခံသည့်အနေဖြင့်နှုတ်ထွက်ပေးရန် ဖေဖော်ဝါရီ ၂၃ရက်က တောင်းဆိုထားပြီး KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လည်ပတ်နိုင်ရန် အတွက် ကြားကာလ စီမံခန့်ခွဲရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။


















































