အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူ ၅ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ပေါင်း ၆၄ ကြိမ် ကျုးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ၇၆၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ညနေပိုင်း မှာထုတ်ပြန်လိုက်ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၅ လအကြာ ကနေ စတင်ကျုးလွန်လာပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိုမိုးဆိုးရွာလာတယ်လို့ NUG က ဆိုပါတယ်။
NUG ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ယင်းရွာမှာ အရပ်သား ၃၄ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ကောင်စီတပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ မှုမှာ ပြည်သူ ၇၆၆ ဦးသတ်ဖြတ်ခံရပြီး အဲဒီအထဲမှာ အမျိုးသား ၄၈၂ ဦး ၊ အမျိုးသမီး ၇၈ ဦးပါဝင်ကာ ကျန်တဲ့ ၂၀၆ ဦးရဲ့အလောင်းတွေကိုတော့ ကျား၊မ စစ်ဆေးဖို့ မလွယ်ကူခဲ့ဘူးလို့ NUG ကပြောပါတယ်။

Public Service Announcement
ကျားမ ခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၅၅၉ လောင်းမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို ၄၂ လောင်းပါပြီး၊ အသက် ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့သူ ၆၂လောင်း ထိပါခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အများဆုံးခံရတဲ့ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၄၆ ကြိမ် ရှိခဲ့ကာ စစ်ကိုင်းဒေသခံ ပြည်သူ ၄၄၉ ဦး သေဆုံးခဲ့ရပါတယ်။


















































