Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ချင်းပြည်နယ်ကို ဗုံးကြဲလို့ နှစ်လအတွင်း အရပ်သား နှစ်ဒါဇင်နီးပါးသေဆုံးခဲ့ရ

ချင်းပြည်နယ်ထဲကို ဒီနှစ် မတ်လနဲ့ ဧပြီလအတွင်း စစ်ကောင်စီလေတပ်က ဗုံးအလုံးရေ ၁၂၀ ကျော် ကြဲချရာမှာ အရပ်သား နှစ်ဒါဇင် နီးပါးသေဆုံးခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်ဦးက ဒီနေ့ထုတ်ပြန်အသိပေးပါတယ်။ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲရာမှာ ရွာလေးရွာထဲကို ဗုံး ၂၂ လုံး တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး ဗုံး ၉၀ ကျော်ဟာ ရွာတွေအနီး ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင် နှစ်ဦး၊ အရပ်သား ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ချင်အမျိုးသားတပ်ဦးက ဆိုထားပါတယ်။ ဒါ့အပြင် အရပ်သား ၃၃ ဦးထိမှန်ဒဏ်ရာရသလို ဘုရားကျောင်း လေးကျောင်းနဲ့ နေအိမ်အလုံး ၅၀ ခန့် ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ မနေ့ညနေပိုင်းကလည်း ဟားခါးမြို့နယ်ရှိ ခွာပီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအချို့သေဆုံးခဲ့ပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ အကျအဆုံးရှိတယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်
ဧပြီလကုန်ပိုင်းက ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲခံရပြီးနောက် တွေ့မြင်ရစဉ်

▪️ချင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ သံချပ်ကာယာဉ်နှစ်စီးကို စစ်ကောင်စီတပ်ပြန်သယ်

ချင်းပြည်နယ် ဖလမ်း-ဟားခါးလမ်းပိုင်းမှာ ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ သံချပ်ကာယာဉ်နှစ်စီးကို စစ်ကောင်စီတပ်က ဟားခါးမြို့သို့ သယ်ယူသွားတယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ မတ်လ ၇ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်လာတဲ့ သံချပ်ကာ ယာဉ်နှစ်စီး အပါအဝင် ယာဉ်အစီး ၃၀ ခန့်ပါ စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်းကို ချင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ တစ်လအကြာ ဧပြီ ဒုတိယပတ်မှာ ဖလမ်း-ဟားခါးလမ်းမှာ ယာဉ်အားလုံး ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ သံချပ်ကာယာဉ် နှစ်စီးကို မေလ ၇ ရက်ညပိုင်းနဲ့ မနေ့ညပိုင်းမှာ ၁၂ ဘီးကားပေါ် ကရိန်းနဲ့ တင်ပြီးသယ်ဆောင်သွားတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း - ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - CNA)
(ချင်းတပ်​၏ တိုက်ခိုက်ဖျက်ဆီးခံရသော စစ်ကောင်စီတပ်​၏ သံချပ်ကာယဉ်အား ဖလမ်း – ဟားခါးလမ်းပိုင်းတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ – CNA)

▪️ကရင်နီပြည် အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီယာဥ်တန်းကို KNDF တိုက်ခိုက်

ကရင်နီပြည်နယ်သို့ စစ်အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တာဝန်ရှိသူက ပြောပါတယ်။ မေလ ၇ ရက်က ဖယ်ခုံမြို့ဘက်မှတဆင့် စစ်ကား ၁၇ စီးပါ ယာဥ်တန်းကို မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်သားများမှာ အမှတ်(၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၂) လက်အောက်ခံ တပ်ရင်းများမှ ဖြစ်နိုင်ပြီး လက်ရှိလွိုင်ကော်မြို့တွင်းသို့ ဝင်ရောက်အားဖြည့် ထားတယ်လို့ အသိပေးပါတယ်။ လက်ရှိ ရှမ်း-ကရင်နီ ဒေသအကြား ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲများနေ့စဥ် ဖြစ်ပွားလျက်ရှိပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က အခုလဆန်းပိုင်းကစလို့ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪️စစ်ကောင်စီတက်ခွင့်မရတဲ့ အာဆီယံအစည်းအဝေး အင်ဒိုမှာကျင်းပနေ

အာဏာသိမ်းစစ်ကောင်စီချန်လှပ်ခံရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို ဒီနေ့စတင်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေပါပြီ။ ဒီနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပနေပြီး အဲဒီအစည်းအဝေးမှာ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ မြန်မာထိုင်ခုံကို အလွတ်ထားတာတွေ့ရပါတယ်။ အစည်းအဝေးမှတ်တမ်းပုံတွေအရ မြန်မာကလွဲရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေစုံစုံလင်လင်တက်ရောက်ကြပါတယ်။ ဒီနေ့မှာ ၂၆ ကြိမ်မြောက် အာဆီယံ နိုင်ငံရေး − လုံခြုံရေး ကောင်စီအစည်းအဝေးနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အစည်းအဝေးတွေပြုလုပ်မှာပါ။ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို မြန်မာ့အရေး ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်မဖော်လို့ဆိုပြီး အာဆီယံအစည်းအဝေးတွေကိုတက်ခွင့်မပေးဘဲ ပစ်ပယ်ထားတာပါ။

ဓာတ်ပုံ − Asean ၊ AFP
ဓာတ်ပုံ − Asean ၊ AFP

▪️သံတမန်ယာဉ်တန်းတိုက်ခိုက်မှု PDFလုပ်ဆောင်ခြင်းမဟုတ်၊ စစ်ကောင်စီ နဲ့ PNOတို့ လက်ချက်ဖြစ်နိုင်လို့ PNLO ဦးဆောင်နာယက သုံးသပ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဆက်ဆံရေးရုံးသို့လာတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ သံတမန်များအပါအဝင် အာဆီယံသံတမန်များရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်မှာ ခုခံတော်လှန်ရေးအင်အားစုများဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ မေလ ၇ ရက်က တောင်ကြီးမြို့မှ ဆီဆိုင်သို့ သွားတဲ့ အာဆီယံသံတမန် ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ခိုက်မှုကြောင့် သံတမန်များ ထိခိုက်မှုမရှိပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ရှိပြီး နှစ်ဖက်ညှိနှိုင်းမှု အားနည်းလို့ အခုလို တိုက်ခိုက်ခံရခြင်းဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။

▪️ဗန်းမောက်မှာ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား အလောင်းခြောက်လောင်းတွေ့

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်များရဲ့ ပုပ်ပွနေတဲ့ အလောင်းခြောက်လောင်းတွေ့ရှိတယ်လို့ Banmauk Revolutionက မနေ့က ထုတ်ပြန်ပါတယ်။ ဧပြီအတွင်း စစ်ကောင်စီတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးကို နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် စစ်ကောင်စီတပ်များ ထားပစ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းခြောက်လောင်းကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဗန်းမောက်မြို့နယ်မှာ PDFတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Banmauk Revolutionက ဖော်ပြပါတယ်။

(ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - BRTEAM)
(ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – BRTEAM)

▪️မြို့သာရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒေသတွင်း PDFအဖွဲ့များက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မေလ ၇ ရက် ညနေပိုင်းက မြို့သာရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး(၆)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲငါးဦး သေဆုံးပြီး စခန်းမှူးရဲ့ ယောက္ခမအပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ Natogyi People Defence Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒရုန်းချပြီးနောက် စခန်းတွင်း ဗုံးကွဲသံနှစ်ကြိမ် ကြားလိုက်ရပြီး ရဲစခန်းအတွင်းရှိ စစ်သားနဲ့ရဲများက လိုက်လံပစ်ခတ်မှုများလည်းရှိတယ်လို့ ဒေသခံများက ပြောပါတယ်။

▪️ကျားဖြူစစ်ကြောင်း တပ်စခန်းလေကြောင်းတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၆) နောက်တန်းစခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရဲဘော် သုံးဦး ကျဆုံးကာ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကြားဖြူစစ်ကြောင်း တပ်ခွဲ(၁)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မေလ ၇ ရက် ညပိုင်းမှာ ကျားဖြူစစ်ကြောင်း စခန်းနေရာကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မနေ့ နေ့ခင်းမှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ထပ်မံ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ ကျဆုံးရဲဘော်များမှာ PDF ရဲဘော်ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော်ထွန်းလင်းအောင်(ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ)မမြင့်တို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။

(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
(ကျားဖြူစစ်ကြောင်းအား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – Albino Tiger Company-1)

ဆက်စပ်သတင်းများ