Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မေလ ၁၆ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာရာနှင့်ချီသေဆုံးဟုဆို

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်း​တွေက ရိုဟင်ဂျာမွတ်ဆလင် ၄၀၀ ကျော် ရေနစ်သေဆုံးခဲ့တယ်လို့ စခန်းများသို့ကူညီဖို့ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူတွေထဲ ပင်လယ်ကမ်းရိုးတန်းအနီးကျေးရွာတွေဖြစ်တဲ့ စံပြမှ ၅၀ ဦးခန့်၊ ဒါးပိုင်မှ ၂၀၀ နီးပါး၊ ဗေဒမှ ၁၁၀ ခန့်၊ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နဲ့ အခြားနေရာများမှ ၅၀ နီးပါး အသီးသီးဖြစ်တယ်လို့ သူက ဆိုပါတယ်။ လက်ရှိအခြေအနေမှာ မိုခါမုန်တိုင်းဝင်ရောက်ပြီး နှစ်ရက်မြောက်ရှိပြီဖြစ်ပေမယ့် အဲဒီကျေးရွာများရှိ ဒုက္ခသည်စခန်းများသို့ ကူညီကယ် ဆယ်ရေးများ ရောက်ရှိမလာသေးတာကြောင့် ကျန်ရစ်သူမိသားစုများက ကိုယ့်အစီအစဥ်နှင့်ကို အပျက်အစီးများကြား ရုပ်အလောင်းများရှာဖွေမြေမြှုပ်ပေးနေရတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

▪︎မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများကို အရေးပေါ်အကူအညီအမြန်ပေးဖို့ နိုင်ငံတကာကို AA တိုက်တွန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်မှုကြောင့်ရခိုင်ပြည်နယ်မှာ အိုးအိမ်ပျက်စီးမှုများစွာ ဖြစ်ခဲ့ရာ အရေးပေါ်အကူအညီများလိုအပ်နေပြီး နိုင်ငံတကာဟာ အမြန်ဆုံးကူညီပေးဖို့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့(ULA/AA)က မနေ့က အကူအညီတောင်းခံလိုက်ပါတယ်။ ရခိုင်ပြည်သူပြည်သားများအတွက် လတ်တလော အရေးကြီးလိုအပ်နေတဲ့ အမိုးအကာပစ္စည်းများ၊ ဆေးဝါးများနဲ့ စားနပ်ရိက္ခာများ အပါအဝင် တခြားအရေးပေါ် အကူအညီများကို အမြန်ဆုံးကူညီပေးဖို့ ရခိုင်ပြည်သူများကိုယ်စား အားကိုးစွာ အကူအညီတောင်းခံတယ်လို့ ဖော်ပြပါတယ်။ လက်ရှိ မုန်တိုင်းဘေးသင့် ရခိုင်ပြည်သူများဟာ ခိုလှုံစရာ နေရာ ၊စားစရာနဲ့ ဆေးဝါးအခက်အခဲများကို ဆိုးရွားစွာ ရင်ဆိုင်နေရပြီး ဆက်သွယ်ရေးဆိုင်ရာ ဖုန်းနဲ့ အင်တာနက်လိုင်းများ၊လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ အကူအညီများ ကင်းမဲ့နေတယ်လို့ AAက အသိပေးပါတယ်။

(AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ။ ဓါတ်ပုံ-AA)
(AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ။ ဓါတ်ပုံ-AA)

▪︎မိုခါမုန်တိုင်းကြောင့်စစ်ကိုင်းတိုင်းမှာထိခိုက်ပျက်စီးမှုများ

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုလဲမြို့နယ်မှာ ရေလွှတ်မြောင်းတစ်ခုကျိုးကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ စစ်ကိုင်း၊ ခင်ဦး၊ ပုလဲနဲ့ ယင်းမာပင်မြို့နယ်ရှိ သီးနှံစိုက်ခင်းများ၊ လမ်းတံတားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မေလ ၁၄ ရက် ညက ပုလဲမြို့နယ်၊ မြောက်ယမား ရေလှောင်တမံမှ ထုတ်လွှတ်ပေးတဲ့ ပမုံသွင်ရွာနဲ့ ချင်ပြစ်ရွာကြားရှိ ရေလွှတ်မြောင်း ကျိုးကျခဲ့လို့ ပုလဲနယ်နဲ့ ယင်းမာပင်နယ် အစပ်ရှိ မြောက်ယမားချောင်းရေလျှံလာကာ ချောင်းဘေးရှိ စိုက်ခင်းများပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အလားတူ နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာအများအပြား ရေကြီးရေလျှံခဲ့ပြီး နေအိမ်များ ပြိုလဲခြင်း၊ကောက်ပဲသီးနှံများ၊ စားနပ်ရိက္ခာများ ရေထဲမျောပါခြင်း၊ ‌ရွာချင်းဆက်လမ်းတံတားများ ပျက်စီးခြင်းနဲ့ စိုက်ခင်းများ ရေမြုပ်ကာဧက‌ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

▪︎ကော့ကရိတ်မြို့အဝင်လမ်းများကို စစ်ကောင်စီတပ်ဖျက်ဆီး

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အဝင်လမ်းများကိုစက်ယန္တရားများ အသုံးပြု ဖျက်ဆီးခဲ့တဲ့အပြင် သစ်ပင်ကြီးများ ခုတ်လှဲပိတ်ဆို့ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က ဒီနေ့ မှတ်တမ်းဓာတ်ပုံများနဲ့အတူ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး မြို့ချင်းဆက် ကွန်ကရစ်လမ်းကို ခရီးသွားလာရေးများ ပိတ်ဆို့ထားကာ ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် အနီး အလျား ၂၀ ပေ၊ အနံ ၆ ပေနဲ့ အနက် ၆ ပေ ခန့်ကို ဘူဒိုဇာနဲ့ လာရောက်တူးဖောက် ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမိုင်ကုန်းကျေးရွာအဝင် လမ်းများကို တူးဆွဖျက်ဆီးပြီး သစ်ပင်ကြီးများနဲ့ ခုတ်လှဲပိတ်ဆို့မှုများ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎မြ၀တီမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ မေလ ၁၄ နဲ့ ၁၅ရက်တွေက တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီတပ်တို့ဟာ မေလ ၁၁ ရက်ကစလို့ မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၊ ကျောက်မိုင်းဒေသတို့မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပါတယ်။ မေလ ၁၄ ရက်မှာ စစ်ကောင်စီတပ်ဟာ ပူးပေါင်းတပ်ဖွဲ့နေရာယူထားတဲ့ နယ်မြေသို့ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်က နှစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

(စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအား မြက်တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအား မြက်တွေ့ရစဉ်။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

▪︎ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်ရေးဆက်လက်တင်းမာနေဟု KNDF ပြော

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ မနေ့က ထိတွေ့တိိုက်ပွဲသုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ရေးအရဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးက ပြောပါတယ်။ နှစ်လကျော်ကြာမြင့်ခဲ့တဲ့ ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲများမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်မှာ အခုလဆန်းပိုင်းက အင်အားဖြည့်တင်းကာ နောက်တစ်ကြိမ် ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာပါ။

▪︎မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ်ကိုယ်ပိုင်​ဆေးခန်းမှာ ပစ်သတ်ခံရ

မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုဟာ ၎င်းရဲ့ဆေးခန်းအတွင်း မနေ့ညနေက ​သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံများက​ ပြောပါတယ်။ ပလိပ်မြို့၊ လျှပ်စစ်ရုံးရှေ့ရှိ ဒေါက်တာတင်ချိုချိုကိုဟာ ကိုယ်ပိုင်ဆေးခန်းအတွင်း ရှိနေစဉ် အမည်မသိအမျိုးသားနှစ်ယောက်က ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ ဒေါက်တာတင်ချိုချိုကိုဟာ အသက် ၅၄ နှစ်အရွယ်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကို အမာခံထောက်ခံသူဖြစ်တယ်လို့ ပလိပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ် ကိုယ်ပိုင်​ဆေးခန်းတွင်​သေနတ်ဖြင့်ပစ်သတ်ခံရ
မြစ်ငယ်မီးရထားစက်ရုံ​ဆေးရုံအုပ် ကိုယ်ပိုင်​ဆေးခန်းတွင်​သေနတ်ဖြင့်ပစ်သတ်ခံရ

ဆက်စပ်သတင်းများ