မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ရာအိမ်မှူးရဲ့နေအိမ်ဟာ ဒီနေ့မနက်ပိုင်းက ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ကာ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့နေအိမ်ဟာ အောင်ပင်လယ်ရပ်ကွက် အကွက် ၁၂/၅၅ ရဲ့ ရာအိမ်မှူး ဦးသန်းနိုင်ရဲ့ နေအိမ်ဖြစ်ပါတယ်။

မနက် ၇ နာရီ ကျော်ခန့်က ဆိုင်ကယ်စီးအမျိုးသား ၂ ဦး ဗုံးပစ်ထည့်သွားတာဖြစ်ပြီး နေအိမ်ရှေ့ ကျရောက်ပါက်ကွဲကာ အိမ်ရှေ့မှာ ထိုင်နေတဲ့ ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီး နဲ့ လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံက ပြောပြပါတယ်။
ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံပို့ချိန်မှာ ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။
ကျန် ၂ ဦးကတော့ မစိုးရိမ်ရဘူးလို့သိရပါတယ်။
မနေ့ မေလ ၁၈ရက် ည ပိုင်းမှာလည်း အောင်မြေသာစံမြို့နယ် ၊ဥပုဒ်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာရှိပါတယ်။
