Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရားဥပဒေနဲ့ မညီတဲ့ လက်နက် တင်ပို့မှုတွေကို မဆိုင်းမတွ အရေးယူမယ်လို့ စင်ကာပူပြော

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၀၀ ကျော် အပါအဝင် အရပ်သားပြည်သူ ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တရားဥပဒေနဲ့ မညီတဲ့ လက်နက် တင်ပို့မှုတွေကို မဆိုင်းမတွ အရေးယူမယ်လို့ စင်ကာပူပြော
တရားဥပဒေနဲ့ မညီတဲ့ လက်နက် တင်ပို့မှုတွေကို မဆိုင်းမတွ အရေးယူမယ်လို့ စင်ကာပူပြော

ဥပဒေ စည်းမျဉ်းတွေနဲ့ ညီညွတ်မှု မရှိတဲ့ အခြေအနေမျိုးနဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက်တွေ တင်ပို့နေတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီတွေသာ တကယ်ရှိရင် မဆိုင်းမတွ ဖော်ထုတ် အရေးယူသွားမယ်လို့ စင်ကာပူ အစိုးရက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စင်ကာပူ ကုမ္ပဏီတွေဆီက စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုး ဝယ်ယူခဲ့ကြောင်း အစီရင်ခံ တင်ပြခဲ့တဲ့နောက် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို တုံ့ပြန်ခဲ့တာပါ။

အခုသီတင်းပတ်ထဲမှာ အင်ဒရူးစ်က ကုလသမဂ္ဂဆီ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ဝယ်ယူခဲ့ကြောင်း၊ အဲဒီထဲမှာ အများစုကို ရုရှား၊ တရုတ်နဲ့ စင်ကာပူ ကုမ္ပဏီတွေက တင်သွင်းခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အင်ဒရူးရဲ့ အဆိုအရ ရုရှားဟာ အာဏာသိမ်း စစ်တပ်အတွက် စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်က ဒေါ်လာ ၂၆၄ သန်းဖိုး၊ စင်ကာပူက ၂၅၄ သန်းဖိုးဆီ အသီးသီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အစီရင်ခံစာထဲမှာတော့ အင်ဒရူးက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ် မှာယူတင်သွင်းတဲ့ စစ်လက်နက် အမျိုးအစားတွေ၊ တင်ပို့မှု လမ်းကြောင်းတွေ၊ ကြားပွဲစားတွေ ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းတွေကို မှတ်တမ်းတင် ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ သတင်း အချက်အလက် တင်ပြမှုတွေကို အသိအမှတ်ပြုကြောင်း၊ စင်ကာပူ ကုမ္ပဏီတွေက နိုင်ငံရဲ့ သတ်မှတ် စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်မှု ရှိခဲ့သလား ဆိုတာကို အနီးကပ် စစ်ဆေး လေ့လာသွားမှာဖြစ်ပြီး ကျူးလွန်ဖောက်ဖျက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတိုင်းကို မဆိုင်းမတွ အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်ဒရူးစ်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်နဲ့ မရိုးမသား ဆက်စပ်နိုင်တဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို စင်ကာပူရဲ့ DSB၊ UOBနဲ့ OCBC ဘဏ်တွေမှာ ငွေစာရင်းဖွင့် စုဆောင်းထားတာတွေ ရှိကောင်း ရှိနေနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ စင်ကာပူရဲ့ ငွေကြေး စီမံကွပ်ကဲမှုဌာန ပြောရေးဆိုခွင့် အရာရှိကတော့ အစိုးရရဲ့ ပိတ်ပင်မှုအရ စင်ကာပူ ဘဏ်တွေဟာ မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေ အဆင်ပြေစေရေး ငွေအလွှဲအပြောင်း ကိစ္စတွေမှာ ဝင်ကူညီတာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အခုအခါမှာ ဘဏ်တွေက သံသယ ရှိစရာ ငွေအလွှဲအပြောင်းတွေကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေမှာဖြစ်ပြီး လိုအပ်တဲ့ နောက်ဆက်တွဲ အရေးယူမှုတွေကိုလည်း မပျက်မကွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

စင်ကာပူကတော့ သူတို့နိုင်ငံဟာ လက်နက်မဲ့ ပြည်သူတွေကို မြန်မာစစ်တပ်က သေစေနိုင်လောက်တဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ရပ်တည်တဲ့ မူဝါဒမျိုး ခိုင်ခိုင်မာမာ ရှိနေပြီး မြန်မာနိုင်ငံဆီ စစ်လက်နက်တွေ စီးဝင်မှုကို တားဆီးဖို့ စီမံ ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုသွားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂၀၀ ကျော် အပါအဝင် အရပ်သားပြည်သူ ၃၀၀၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

သေဆုံးသူရဲ့ လုပ်ငန်း အခြေအနေနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို သိရှိဖို့ ဘန်ကောက် ရဲတပ်ဖွဲ့ဟာ မြန်မာသံရုံးနဲ့ ချိတ်ဆက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။