စင်ကာပူမှာ ရေလှောင်ကန်တစ်ခုထဲ မိကျောင်းတွေ့ကြောင်း ဓာတ်ပုံအတု ဖန်တီးပြီး လိမ်ညာပြောဆိုမှုနဲ့ မြန်မာတစ်ဦး စွဲချက်တင် ခံခဲ့ရပါတယ်။
အသက် ၃၀ အရွယ် ရဲလင်းဟာ သတင်းတုသတင်းမှား ဖြန့်ဝေမှု၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးမှုတို့အတွက် စက်တင်ဘာ ၂၉ ရက်နေ့မှာ စွဲချက်တင် ခံခဲ့ရပါတယ်။
သူဟာ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားပြီး ပန်ဒန်း ရေလှောင်ကန်ထဲမှာ မိကျောင်းရှိနေပုံ ဖန်တီးထားတဲ့ ပုံအတုကို တခြားသူ တစ်ဦးဆီ ဩဂုတ် ၂၀ ရက်နေ့က ပေးပို့ခဲ့ကြောင်း တရားရုံး မှတ်တမ်းဖိုင်တွေအရ သိရပါတယ်။
နောက်တော့ သူဟာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံကို ပြန်ဖျက်ခဲ့ပြီး Gemini AIမှာလည်း အဲဒီဓာတ်ပုံ ဖန်တီးခိုင်းထားတဲ့ ညွှန်ကြားချက်ကို ဖယ်ရှားထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
စကားပြန်ကနေတဆင့် ပြောကြားရာမှာတော့ ရဲလင်းက သူဟာ အပြစ်ရှိကြောင်း ဝန်ခံမှာဖြစ်ပြီး ရှေ့နေမငှားဘူးလို့ အတည်ပြုထားပါတယ်။
ဩဂုတ် ၂၀ ရက်နေ့တုန်းက စင်ကာပူရဲ့ အမျိုးသား ရေအရင်းအမြစ် အေဂျင်စီဖြစ်တဲ့ PUBဟာ ပန်ဒန်းရေလှောင်ကန်ထဲမှာ မိကျောင်းရှိနေကြောင်း သတင်းပေးပို့မှုကို ဓာတ်ပုံတစ်ပုံနဲ့အတူ လက်ခံရရှိခဲ့ပါတယ်။
ဒါကြောင့် ရေလှောင်ကန်ထဲက ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စတွေကို ၂ ရက်ကြာ ဆိုင်းငံ့ထားပြီး PUBနဲ့ အမျိုးသား သဘာဝ ဥယျာဉ်များ ဘုတ်အဖွဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး မိကျောင်းကို အပူတပြင်း လိုက်ရှာခဲ့ပါတယ်။ ဒါ့အပြင် ရေလှောင်ကန်ထဲမှာ လေ့ကျင့်နေတဲ့ ကနူးလှေ အသင်းကိုလည်း လတ်တလော ရေထဲကို လုံးဝမသွားကြဖို့ အရေးပေါ် သတိပေးခဲ့ပါတယ်။
နောက်တော့ ဓာတ်ပုံဟာ လုပ်ကြံဖန်တီးထားတဲ့ အတုဆိုတာကို ဩဂုတ် ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပြီး PUBက ရဲတိုင်ခဲ့ပါတယ်။ မိကျောင်းကို လိုက်ရှာနေတဲ့ လုပ်ငန်းတွေကိုလည်း ရပ်လိုက်ပြီး ဩဂုတ် ၂၂ ရက်မှာ ရေလှောင်ကန်ရဲ့ ပုံမှန် လုပ်ငန်းလည်ပတ်မှုတွေ ပြန်စခဲ့ပါတယ်။
စင်ကာပူ ဥပဒေတွေအရ သတင်းတု သတင်းမှား ဖြန့်ဝေတာဟာ ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၁ သောင်းထိဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တယ် ဆိုတဲ့ ပြစ်မှုကတော့ ထောင်ဒဏ် ၇ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ ရပါတယ်။
ရဲလင်းရဲ့ အမှုကို နိုဝင်ဘာလမှာ ထပ်မံကြားနာသွားမှာ ဖြစ်ပါတယ်။
ကိုးကား: Straits Times


















































