Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မုန်တိုင်းသင့်ပြည်သူများကို အာဆီယံကူညီရာမှာ တရားမျှတဖို့ NUG ဝန်ကြီး တိုက်တွန်း

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို အာဆီယံက အကူအညီများ ပေးရာမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသများမှ ပြည်သူများထံ ကယ်ဆယ်ရေးပစ္စည်းများ အချိုးညီညီ မရောက်မှာကို စိုးရိမ်ကြောင်းနဲ့ အာဆီယံအနေနဲ့ တရားမျှတစွာ ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ(AHA Centre)က အာဆီယံရဲ့ အစီအစဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေမှု ဒီနေ့ စတင်မှာဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရာမှာ ဘေးသင့်ဒေသများအားလုံးကို မျှမျှတတမရောက်မှာကို ဝန်ကြီးက စိုးရိမ်နေတာပါ။

(မိုခါမုန်တိုင်း​ကြောင့် ရခိုင် ၊ချင်း ပြည်နယ်နှင့်စစ်ကိုင်း၊ မ​ကွေးတိုင်းတို့မှ အပျက်အစီးအချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(မိုခါမုန်တိုင်း​ကြောင့် ရခိုင် ၊ချင်း ပြည်နယ်နှင့်စစ်ကိုင်း၊ မ​ကွေးတိုင်းတို့မှ အပျက်အစီးအချို့ကို ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪️မုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံရဲ့အရေးပေါ်တုန့်ပြန်မှုအကူအညီများ ပေးပို့

ဆိုင်ကလုန်မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အာဆီယံရဲ့ အရေးပေါ်တုန့်ပြန်မှုအကူအညီများကို ဒီနေ့ ခရီးသည်တင်လေယာဥ်နဲ့ပေးပို့ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။ အကူအညီများမှာ မလေးရှားရှိ ဆူဘန်းနဲ့ ထိုင်းရှိ ချိုင်နက်တို့မှာ အာဆီယံအတွက် ဘေးအန္တရာယ်အရေးပေါ်ကုန်ပစ္စည်းသိုလှောင်ရုံများမှ ပြင်ဆင်ထားတာလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်ထပ်အကူအညီများကို မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်တွေမှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကနေ စစ်လေယာဥ်တွေနဲ့ ပေးပို့ဖို့ ရှိတယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- UN OCHA

▪️စစ်တပ်အား ထိရောက်စွာအရေးယူပေးဖို့ G7 ခေါင်းဆောင်တွေကို ဂျပန်ရောက်မြန်မာ ချီတက်တောင်းဆို

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G7ခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံကာလမှာ ဂျပန်ရောက်မြန်မာများက G7 အနေနဲ့ မြန်မာစစ်တပ်ကို ထိရောက်စွာအရေးယူပေးဖို့ လမ်းလျှောက်ချီတက်တောင်းဆိုခဲ့ကြပါတယ်။ G7 ထိပ်သီးညီလာခံကို ဟီရိုရှီးမားမြို့မှာ ကျင်းပနေတာဖြစ်ပြီး ဂျပန်ရောက်မြန်မာများက မြို့တော်တိုကျိုနဲ့ ဟိုရိုရှီးမားမြို့တို့မှာ ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။ G7အနေနဲ့ လက်နက်ဝယ်ယူတဲ့ ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာစစ်တပ်ပိုင်MOGE ကို ပိတ်ဆို့အရေးယူပေးဖို့၊သာမန်အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာအကြမ်းဖက်စစ်တပ်ဆီ စီးဆင်းနေတဲ့ ငွေအရင်းအမြစ်ကို ဖြတ်တောက်ပေးဖို့၊ မြန်မာအကြမ်းဖက်စစ်တပ်အောက်မှာ အလွန်ဒုက္ခရောက်နေရတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ မြန်မာပြည်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို NUG နဲ့ချိတ်ဆက်လုပ်ဆောင်ပေးဖို့နဲ့ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ထိရောက်တဲ့ အရေးယူမှုကို လုပ်ဆောင်ပေးဖို့ ချီတက်တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

▪️ဗန်းမောက်နယ် စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ အကူအညီလိုအပ်ဟု ဒေသခံပြော

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမောက်နယ်ခံ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဗန်းမောက်ရဲစခန်းမှလည်း လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ Banmauk Revolution က မနေ့က အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမောက်နယ်မှာ SNA တပ်နဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားခြင်း၊ ရွာများကို မီးရှို့ခြင်း၊ ကျေးရွာတွေမှာ တပ်စွဲထားခြင်း ပြုလုပ်ထားတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

(တိုက်ပွဲဝင်ရန် ပြင်ဆင်​နေ​သော ဗန်း​မောက်​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Banmauk Revolution)
(တိုက်ပွဲဝင်ရန် ပြင်ဆင်​နေ​သော ဗန်း​မောက်​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Banmauk Revolution)

▪️ရွှေဘို‌ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို ငါးရက်အတွင်းသုံးကြိမ်တိုက်ခို​က်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို ငါးရက်အတွင်း သုံးကြိမ်တိုက်ခို​က်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ BLACK WOLF – ARMY တပ်ဖွဲ့က ပြောပါတယ်။ မေလ ၁၉ ရက် နေ့ခင်းက ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲမှာ ကင်းပုန်းဝပ်နေတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ပြီး ဒရုန်းနဲ့ သုံးကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၁၄ ရက် မနက်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ ဟံလင်းရွာမှ စစ်ကြောင်းထွက်လာတဲ့ အင်အား ၈၀ ဦးခန့်ပါ စစ်ကောင်စီတပ်ကို ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာ အနီးအရောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)
(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)

▪️ရေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါဘသဲကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲဲ့တယ်လို့ ကျားဖြူစစ်ကြောင်းနဲ့ ​ဒေသခံများက ပြောပါတယ်။ မေလ ၁၉ ရက်နေ့ခင်းကစလို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ မနေ့ကလည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်နေကြရပြီး လမိုင်း၊ မော့ကနင်ဒေသသို့ သွားရောက်ခိုလှုံနေကြရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

( ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
( ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Albino Tiger Company-1)

▪️ခင်ဦးနယ်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၇၀ ကျော်ပြာကျ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာနှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခံရလို့ နေအိမ် ၁၇၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မေလ ၁၈ ရက်က ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ကံသာကုန်းရွာ၊ ညောင်ပင်သာရွာ၊ လိပ်ရကုန်းရွာနဲ့ ခင်ဦးမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာ၊ ကံသစ်ကျေးရွာတို့ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီအရာရှိပါဝင်တဲ့ စစ်ကြောင်းတစ်ခုဟာ ကံသစ်ရွာရှိ ဆီဆိုင်အနီးမှာ မိုင်းထိခဲ့ပြီး အနည်းဆုံး လေးဦးသေဆုံးတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

ဆက်စပ်သတင်းများ