တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းအစောင့် စခန်းငယ်ကို PDFများတိုက်ခိုက်
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှ ဖြတ်သန်းသွယ်တန်းထားတဲ့ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းရဲ့ အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မနေ့ညမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးသွားတယ်လို့ PDF အချို့ကပြောပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စခန်းဖြစ်တဲ့ မင်းဂံစစ်ဆေးရေးစခန်းကို မနေ့ည ၈နာရီခွဲမှာ စတင်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဟာ ပိုက်လိုင်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်ဂိတ်စခန်းကိုသာ ဦးတည်တိုက်ခိုက်သွားတာလို့ သိရပါတယ်။

မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် ကုလစောင့်ဆိုင်းနေရ
မုန်တိုင်းဒဏ်သင့်အရပ်တွေက ပြည်သူတွေထံ ကူညီထောက်ပံ့ရေးပစ္စည်းတွေ သွားရောက် ပို့ဆောင်နိုင်ဖို့ စစ်ကောင်စီထံက ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မနေ့က ထပ်မံပြောဆိုလိုက်ပါတယ်။ မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ စစ်တွေနဲ့ ရသေ့တောင်မြို့နယ်တွေဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရပြီး လူနေအိမ်ခြေတွေ ၊ ဆေးရုံဆေးခန်းတွေ ၊စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကုလ ဖော်ပြပါတယ်။ ဒီလို ဘေးသင့်ပြည်သူတွေဆီ အကူအညီပေးနိုင်ဖို့အတွက် နေပြည်တော် နဲ့ဆွေးနွေးနေပြီး နှစ်ပတ်အတွင်း ရခိုင်နဲ့ ချင်းလို့ မုန်တိုင်းသင့်ဒေသတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးဖို့စီစဉ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ဖားကန့်မှာ စစ်ကောင်စီအရာရှိအချို့ ကားနဲ့ KTVသွားစဥ် မိုင်းဆွဲခံရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်မှာ KTV သွားတဲ့ စစ်ကောင်စီအရာရှိအချို့လိုက်ပါလာတဲ့ ကားကို ဒီနေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာကားပျက်စီးသွားပြီးကရိန်းနဲ့ ဆွဲယူသွားတယ်လို့ ဒေသခံများကပြောပါတယ်။ မရှိကထောင်ရပ်ကွက် ကုန်းတက်မှာ မနက် ၁ နာရီခန့်မှာ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီအရာရှိအချို့လိုက်ပါလာတဲ့ ကားဖြစ်တာကို မနက်ပိုင်းမှ သိရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီအရာရှိအချို့အပါအဝင် ငါးဦး KTV သို့ သွားမယ်လို့ တပ်တွင်းဖရဲသီးသတင်းကြောင့် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။

KNU မူးမြို့နယ် နောင်ကုန်းရွာကို စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူးမြို့နယ် နောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၁ ရက် နေ့ခင်းမှာ စစ်ကောင်စီတပ်က နောင်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံး၊ ထင်းတဲ တစ်တဲနဲ့ ရွာစာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ နောင်ကုန်းရွာမှာ အိမ်ခြေ ၁၁၀ ကျော်၊ လူဦးရေ ၇၈၀ ကျော်ရှိရာ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဆုတ်ခွာခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့က ပဒူတိုက်နယ်ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး စခန်းကို သိမ်းပိုက်ဖို့ ကြိုးစားတိုက်နေစဥ် စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ 96 Soldiers-PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိပြီး စစ်ကောင်စီတပ်က ပဒူရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာမြို့ပေါ် အလှကုန်ဆိုင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အလှကုန်ဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရပြီး ရွှေနဲ့ ငွေများပါသွားတယ်လို့ မုံရွာမြို့ခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့၊ပွဲစားတန်းလမ်းရှိ ငွေဇာလှိုင်း အလှကုန်ဆိုင်ကို ဆိုင်ကယ် သုံးစီးနဲ့ အမျိုးသမီးတစ်ဦး၊ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တံခါးများပိတ်ကာ အနုကြမ်းစီးခဲ့ရာ ဆိုင်မှ ကျပ်သိန်း ၇၀၀ ကျော်နဲ့ ရွှေများပါသွားတယ်လို့ ဆိုင်နဲ့နီးစပ်သူများက ပြောပါတယ်။
