Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီအရာရှိတွေကို နယူးဇီလန် ပြည်ဝင်ခွင့်ပိတ်ပင်

မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုများကို တု့န်ပြန်မှုအဖြစ် နယူးဇီးလန်အစိုးရဟာ စစ်ကောင်စီအရာရှိများ အာဆီယံအဖွဲ့နဲ့အတူ နယူးဇီလန်သို့လာရောက်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။ နယူးဇီလန်ဟာ စစ်ကောင်စီရဲ့အရာရှိတွေကို ပြည်ဝင်ခွင့်ပေးမှာမဟုတ်ဘဲ နယူးဇီလန်အစိုးရပံ့ပိုးပေးတဲ့ ပြည်ပအစည်းအဝေးမှာသာ တက်ရောက်စေမှာဖြစ်တယ်လို့ newsroom က ဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။

▪️အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ကျော် သေဆုံးနိုင်ဟု ခန့်မှန်း၊ PDF ရဲဘော်နှစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး မနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားရာနေရာကနေ ကားငါးစီးနဲ့ လူနာ၊ အလောင်းများ အင်းတော်သို့ ပို့ဆောင်လာတယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်အရာရှိအချို့အပါအဝင် ၂၀ ဦးကျော်သေဆုံးတယ်လို့ အဲဒီရဲဘော်က ပြောပါတယ်။ အင်းတော်PDF ဘက်မှ အသက် ၁၈ နှစ် နဲ့ အသက် ၂၃ နှစ်အရွယ် ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အင်းတော်မြို့နဲ့ ၁၂ မိုင်အကွာ မော်တိတ်ဒေသ ရွာသာယာကျေးရွာအနီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများသုံး တိုက်ခိုက်ခဲ့ပါတယ်။

(စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ အင်းတော်မြိုနယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး နေမှုကို မေလ ၂၃ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-Indaw Revolution)
(စစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ အင်းတော်မြိုနယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး နေမှုကို မေလ ၂၃ ရက်က တွေ့ရစဥ်။ ဓာတ်ပုံ-Indaw Revolution)

▪️KNU တပ်မဟာ(၅)ရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များရဲ့ ပြောက်ကျားနည်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ တပ်မဟာ (၅)က မနေ့က သတင်းထုတ်ပြန်ပါတယ်။ မေလ ၂၃ ရက်က မူတြော်(ဖာပွန်)ခရိုင်၊ လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနဲ့ ယူဂိုလော်ဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ပြောက်ကျားနည်းဖြင့် ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်းတပ်မဟာ(၅)ဘက်က ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရန်မျိုးအောင်ကျေးရွာရှိ နေအိမ်တစ်လုံး ထိမှန်မီးလောင်နေစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရန်မျိုးအောင်ကျေးရွာရှိ နေအိမ်တစ်လုံး ထိမှန်မီးလောင်နေစဉ်။ ဓာတ်ပုံ – KNU)

▪️စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းဒေသမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ဝင်ရောက်ပြီး ၎င်းတို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ မော်တော်များနဲ့ ရေလယ်ကျွန်းဒေသကျေးရွာများကို စစ်ကြောင်းသုံးခုနဲ့ ပတ်လည်ဝိုင်းပိတ်ဆို့ခဲ့ပြီး လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ရာ မိဖုရားကျေးရွာမှ ကလေးနှစ်ဦးရဲ့ မိခင်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။ မဲကုန်းရွာမှ ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)
(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)

▪️မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ပုလဲနယ်အတွင်းရှိ လမ်းတံတားများ PDFရဲဘော်များ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားများကို ဒေသတွင်းပြည်သူ့​ကာကွယ်ရေးရဲဘော်များက ပြန်လည်ပြုပြင်ပေးနေတယ်လို့ မြို့နယ် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လမ်းတံတားပြင်ဆင်မှုများကို ပုလဲမြို့နယ်(ပကဖ)၊ ခရိုင်တပ်ရင်း (၇)နှင့် ABSDF ရဲဘော်များ၊ အခြားဒေသတွင်းတပ်ဖွဲ့ဝင်ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနေပြီး တိုက်ပွဲမရှိချိန် ပြည်သူ့အကျိုးပြုလုပ်ဆောင်မယ်ဆိုတဲ့ ​ရည်ရွယ်ချက်နဲ့ ကူညီလုပ်ဆောင်ပေးနေတာလို့ ပုလဲ(ပကဖ)အဖွဲ့က ဆိုပါတယ်။

(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))
(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ – ပုလဲ(ပကဖ))

▪️စစ်ရှိန်မြင့်နေလို့ မန္တလေး-သပိတ်ကျင်း-ဗန်းမော်လမ်းပိုင်း သတိပေးချက် ထုတ်ပြန်

စစ်ကောင်စီက ခရီးသွားအသွင်ယူကာ စစ်အင်အားဖြည့်တင်းနေသလို လတ်တလော စစ်ရေးတင်းမာနေလို့ မန္တလေး-သပိတ်ကျင်း-ဗန်းမော်ကားလမ်းပိုင်း အသုံးပြုနေကြတဲ့ ခရီးသွား ပြည်သူများ ညဘက် အသုံးပြုခြင်းမပြုဖို့ ထပ်မံအသိပေးကြေညာကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။ နောက်ပြီး အခုကာလဟာ စစ်ရေးအရှိန်မြှင့် တင်းမာနေဆဲ ကာလဖြစ်ပြီး ခရီးသွား ပြည်သူများ သွားလာရာမှာ ကားမှန်ချ မောင်းနှင်ကြဖို့၊ ပရဟိတကားများနဲ့ လူမှုကူညီရေးကားများ အနေနဲ့လည်း သိသာထင်ရှားတဲ့ အလံထောင် မောင်းနှင်ကြဖို့၊ ကားအလုံပိတ်ခြင်း၊ မိုးကာအုပ် မောင်းနှင်ခြင်း မပြုလုပ်ကြဖို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ