Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၃၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️(၂)နှစ်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ဟု KNDF ဥက္ကဌပြော

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း တစ်ထောင်ကျော် ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ကြီး၊ငယ် ၆၀၀ ကျော် သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်းဘီထူးက ​ပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂)နှစ်ပြည့်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲဲ့ပြီး စစ်ကောင်စီရဲ့ စခန်းငယ်ပေါင်း ၁၀ ခုသိမ်းယူမှုမှာလည်း KNDF အနေနဲ့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်ရင်းများစီမံမှု၊ လက်နက်ထုတ်လုပ်၊ ဝယ်ယူမှုတွေလည်း တိုးတက်လာပြီး တိုက်ခိုက်ရေး စွမ်းရည်နဲ့ နည်းဗျူဟာတွေလည်း ပိုမိုတိုးတက်လာတယ်လို့ ခွန်းဘီထူးက ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ထံမှ လက်နက်ခဲယမ်းမျိုးစုံ၊ စစ်ရေးအကူအညီများ ရခဲ့တယ်လို့ KNDFက အသိပေးပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️ချင်း-မကွေးအစပ် CDF/PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ဒီနေ့ တိုက်ပွဲဆက်ဖြစ်

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် မင်းတပ်မြို့နယ်နဲ့ ကျောက်ထုနယ်အကြား ဒီနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် ပြောပါတယ်။ စစ်ကောင်စီဘက်က ရဟတ်ယာဥ်တွေနဲ့ စစ်ကူလာရောက်တယ်လို့ သတင်းရထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီဒေသမှာ မေလ ၂၈ ရက်ကစလို့ မိုင်းဆွဲတိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နေ့စဉ်ဖြစ်ပွားနေတာပါ။ မေလ ၂၉ ရက်က မင်းတပ်-ကျောက်ထု တောလမ်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

(စစ်ကောင်စီတပ်သားများ နေရာယူထားသော ထင်းချောင်းရွာရှိ နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(စစ်ကောင်စီတပ်သားများ နေရာယူထားသော ထင်းချောင်းရွာရှိ နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat)

▪️ကနီနယ် စာသင်​​ကျောင်းကို စစ်ကောင်စီတပ် Mi-35 နဲ့ပစ်ခတ်လို့ က​လေးနှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 နဲ့ ပစ်ခတ်ရာ ကလေးငယ်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ တိုက်ပွဲမရှိဘဲ လာရောက်ပစ်ခတ်တာလို့လည်း ပြန်ကြားရေးတာ၀န်ခံက ဆိုပါတယ်။ Mi-35 ရဟတ်ယာဥ်ဟာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာပြီး ပေါက်အင်းမြိုင်ကျေးရွာ စာသင်ကျောင်းနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်သွားခဲ့တာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)
(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)

▪️မြနန္ဒာစစ်ဆင်ရေးအဖြစ် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်၊ လေးဦးသေဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြောင်ဦးကျေးရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးတယ်လို့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး)တာဝန်ရှိသူက ပြောပါတယ်။ အင်အား ၄၀-၅၀ ခန့်ရှိတဲ့ စစ်ကြောင်းကို လက်ဝဲကြီးရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မျက်မြင်အရ စစ်ကောင်စီဘက်က လေးဦးသေဆုံးတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးအဖွဲ့သားအားလုံး ဘေးကင်းတယ်လို့ သိရပါတယ်။

▪️စေတုတ္တရာမှာ စစ်ကြောင်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ငါးဦးသေဟု PRA ပြော

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို တစ်ရက်တည်း နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA Magway မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မေလ ၂၃ ရက်က စေတုတ္တရာနယ် မဏ္ဍိပ်ကိုင်ကျေးရွာအနီးသို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway နဲ့ Z-Fighter အဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ရဲ့ပြန်လည်ပစ်ခတ်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရပါတယ်။ နောက်ပြီး ကျွန်းတောလမ်းထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို အဝေးပစ်ဒုံးများနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

▪️သံ၊ သံမဏီတင်သွင်းရာမှာ ဒေါ်လာအစား တရုတ်ယွမ်ပြောင်းသုံးပါက လိုင်စင်အမြန်ရမယ်လို့ စစ်ကောင်စီ မြူဆွယ်

မြန်မာနိုင်ငံအတွင်း သံနဲ့ သံမဏီတင်သွင်းရာမှာ အ​မေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေပြောင်းလဲသုံးစွဲပါက လိုင်စင်ချဦးစားပေးချထားပေးမယ်လို့ မြန်မာနိုင်ငံ သံနှင့် သံမဏီအသင်းက ထုတ်ပြန်ပါတယ်။ ပြည်တွင်းသို့ သံနှင့် သံမဏီတင်သွင်းရာမှာ အရင်က ဒေါ်လာတစ်မျိုးတည်းသာသုံးစွဲခဲ့ပြီး ဒီနှစ်မှာ ဒေါ်လာအစား တရုတ်ယွမ်ငွေကို ပြောင်းလဲသုံးစွဲဖို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးဦးစီးဌာန အသင်းကို အကြောင်းကြားခဲ့တာလို့ ဖော်ပြပါတယ်။ လက်ရှိ ကုမ္ပဏီများအနေနဲ့ ဒေါ်လာနဲ့လိုင်စင်တင်ထားပါကလည်း ညီမျှတဲ့ တရုတ်ယွမ်ငွေကို ပြောင်းလဲပြင်ဆင်ပြီး လိုင်စင်တင်နိုင်တယ်လို့ ဆိုပါတယ်။

(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)
(​မေလအတွင်းကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်​ကောင်စီကာတိုက်ခိုက်​ရေးရဟတ်ယာဥ် အသုံးပြုခဲ့စဥ်။ ဓါတ်ပုံ-KNDF)

▪️ရွှေဘို၊ ဝက်လက်နယ်ရှိ စစ်ကောင်စီတပ်ဘန်ကာနဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာနဲ့ စစ်ကြောင်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ထိခိုက်မှုများရှိတယ်လို့ Black Wolf Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဆယ့်သုံးမိုင်ရွာမှ ထွက်လာတဲ့ အင်အား ၅ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ် စခန်းသာရွာမှာ ဒရုန်းနဲ့ ဗုံးသီးခုနစ်လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သား ထိခိုက်မှုရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ ဟန်လင်းကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ရာ ဘန်ကာထိမှန်ပြီး စစ်သားလေးဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ