Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ဝန်ကြီးဦးအောင်မျိုးမင်းကို လူ့အခွင့်အရေးစွမ်းဆောင်ရည်ရွှေတံဆိပ်ဆု ပေးအပ်ချီးမြှင့်

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ သြစတြေးလျနိုင်ငံ The Sydney Peace Foundation က ပေးအပ်ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆု(Gold Medal for Human Rights – 2023)ကို ဒီနေ့ လက်ခံရယူခဲ့တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိ‌ရေးကြိုးပမ်းလှုပ်ရှားသူမျိုးဆက်တွေကို အားပေးလှုံ့ဆော်နိုင်ခဲ့တဲ့ ဦးအောင်မျိုးမင်းကို အခုလို လူ့အခွင့်အရေးရွှေတံဆိပ်ဆုနဲ့ ပေးအပ်ဂုဏ်ပြုခွင့်ရတာကို ဂုဏ်ယူမိပြီး အကန့်အသတ်အခက်အခဲတွေကြားက ဦးအောင်မျိုးမင်းရဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ မျှော်လင့်ချက်၊ သတ္တိနဲ့ တရားမျှတမှုတန်ဖိုးတွေ အခက်ခဲဆုံးအခြေအနေတွေကြားထဲကနေ ပေါ်ထွက်လာနိုင်တဲ့ စံနမူနာတစ်ခုဖြစ်တယ်လို့ ဆစ်ဒနီတက္ကသိုလ်ရဲ့ အာရှ-ပစိဖိတ်ရေးရာကျွမ်းကျင်သူ ဆူစန်ဘန်ကီက ပြောပါတယ်။ ရွှေတံဆိပ်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “Is Peace & Democracy Possible in Myanmar?” ခေါင်းစဥ်နဲ့ ဟောပြောခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ကြသူများထဲမှ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

▪️ဒုံသမိတံတားတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိများအပါအဝင် သေဆုံးထိခိုက်မှုများ

ကရင်နဲ့ မွန်ပြည်နယ်အစပ် သထုံ​မြို့နယ် ဒူးရင်းဆိပ်ရွာ ဒုံသမိတံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်က မနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲနဲ့ စစ်သားများ သေဆုံးထိခိုက်များခဲ့ပြီး သေဆုံးသူတွေထဲ အရာရှိများလည်း ပါဝင်တယ်လို့ KNLA တပ်မဟာ(၁) တပ်မှူးတစ်ဦးက ပြောပါတယ်။ ဒုံသမိတံတား မွန်ပြည်နယ်ဘက်အခြမ်းဂိတ်နဲ့ ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) တို့ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မွန်ဘက်အခြမ်းမှာ စစ်ကောင်စီ ဒုရဲမှူး သီဟဇော်အပါအဝင် ရဲ ခုနစ်ဦး သေဆုံးပြီး ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၂၅ ဦး သေဆုံးတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မိုးမင်းအပါအဝင် ရှစ်ဦး သေဆုံးပြီး နယ်ခြားစောင့်တပ်မှလည်း ငါးဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ – KNLA၊CJ)

▪️ထားဝယ်ရှိ စစ်ကောင်စီခန့်ဝန်ကြီးများအိမ်ယာ လက်နက်ကြီးများနဲ့ ပစ်ခတ်ခံရ

တနင်္သာရီတိုင်းမြို့တော်၊ ထားဝယ်မြို့ရှိ စစ်ကောင်စီခန့် ဝန်ကြီးများနေထိုင်ရာ အိမ်ယာကို လောင်းလုံမြို့-ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံး ပကဖ တာဝန်ခံက ပြောပါတယ်။ လက်နက်ကြီးနဲ့ ကိုးချက် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲလို့ ပြောပါတယ်။ မေလ ၃၁ ရက် ညပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့်ဝန်ကြီးများအိမ်ယာများအိမ်ရာဟာ ပထမအဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

▪️NLD စီမံဘဏ္ဍာဒုဝန်ကြီး ထောင်ဒဏ်ရက် စေ့လို့ပြန်လွတ်လာ

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်ပုဒ်မနဲ့ ထောင် ၃ နှစ်ချထားတဲ့ NLD အစိုးရ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ရမည်းသင်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာပြီလို့ သိရပါတယ်။ ဒုဝန်ကြီး ဦးဆက်အောင်ဟာ လွတ်ငြိမ်းနဲ့လွတ်မြောက်တာမဟုတ်ဘဲ ထောင်ဒဏ်ရက်စေ့လို့ ပြန်လွတ်လာတာတာလို့ ရမည်းသင်းထောင်နဲ့ အဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ဖမ်းဆီးခဲ့ပြီး သူရဲ့ကွန်ပြူတာထဲမှာ နိုင်ငံရဲ့စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုက နိုင်ငံတော်လျှို့ဝှက်ပုဒ်မတရားစွဲခဲ့ပါတယ်။ အဲဒီအမှုတွဲမှာ ဦးဆက်အောင်လည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဦးဆက်အောင်အပါအဝင် ကျန်အမှုတွဲ လေးဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲမှာ တွေ့ရတဲ့ဒုဝန်ကြီး ဦးဆက်အောင်

▪️ကလိန်အောင်မှ ရေဖြူသို့လာတဲ့ စစ်တပ်ယာဥ်တန်းကို PDFများကြားဖြတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ဘက်မှ ရေဖြူဘက်သို့လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်ညီနောင်များနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ိလု့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ TPLF မှ စစ်ကြောင်းမှူး Cobra၊ ဒုစစ်ကြောင်းမှူး ဒေါင်းယံတို့ဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်စစ်ကြောင်းဟာ မေလ ၃၁ ရက် ညနေပိုင်းမှာ ကလိန်အောင်မှ ရေဖြူသို့ ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ဖောကားလေးစီး၊ ဟွန်ဒါဖစ်တစ်စီးတို့ကို မိုင် ၃၀ တံတားထိပ်အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အင်အား ၁၀၀ ကျော်ပါတဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် သေဆုံးကာ ဒဏ်ရာရသူများလည်း ၁၀ ဦးထက်မနည်းရှိနိုင်တယ်လို့ သိရပါတယ်။

▪️ပခုက္ကူမှာ PDFအဖွဲ့များရဲ့ လက်နက်ခဲယမ်းများ ဖမ်းဆီးခဲ့တဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဒေသကာကွယ်ရေး PDFအဖွဲ့များရဲ့ လက်နက်ခဲယမ်းများကို ဖမ်းဆီးခဲ့တဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို ဒရုန်းများနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Anyar Eagles ပြောရေးဆိုခွင့်ရှိသူ Joe Black က ပြောပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီ​ရဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို ဒရုန်းများနဲ့ ဗုံးသီးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဂိတ်မှ သုံးဦး သေဆုံးပြီး ထိခိုက်မှု များပြားမယ်လို့ Joe Black က ခန့်မှန်းပါတယ်။ အင်ပင်စစ်ဆေးရေးဂိတ်မှာ မေလ ၂၃ မှ ၂၇ ရက်အတွင်း PDF အဖွဲ့များ​ရဲ့ လက်နက်ခဲယမ်းများ စစ်ဆေးဖမ်းဆီးခဲ့ရာ ကျပ်သိန်းငါးရာကျော်ဖိုး ဆုံးရှုံးခဲ့တာကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(A Nyar Eagles နှင့် Earthquake PDF အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-A Nyar Eagles)
(A Nyar Eagles နှင့် Earthquake PDF အဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-A Nyar Eagles)

▪️ချောင်းဦးနဲ့ ခင်ဦးနယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ ချောင်းဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မေလ ၃၀ ရက်မှ ဇွန်လ ၁ရက်အထိ သုံးရက်ဆက် စစ်ကြောင်းထိုးခဲ့ကာ ချောင်းဦး – အမြင့်ကားလမ်းဘေး ရှမ်းထူးကျေးရွာရှိ နေအိမ် ၄၇ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ Chaung U Revolutionအဖွဲ့က ပြောပါတယ်။ အဲဒီမတိုင်ခင်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲခဲ့ရာ စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့တယ်လို့ ဆိုပါတယ်။ ခင်ဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်ဟာ မနေ့က ရွာသစ်ကျေးရွာကို မီးရှို့ပြီးနောက် ဒီနေ့မှာ ကျီးအိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ​ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)
(ရှမ်းထူးကျေးရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Chaung U Revolution)

ဆက်စပ်သတင်းများ