Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၂၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ဖို့ ယာယီသမ္မတ သတိပေး

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံရေးနည်းနဲ့ စစ်ရေးနည်းကို ညီညီညွတ်ညွတ် လျှောက်လှန်းနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်တစ်ခုတည်းကို ကိုင်စွဲလျှောက်လှမ်းနေခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းကိုလည်း လူထုတိုက်ပွဲ အခြေခံမဟာဗျူဟာဖြင့် ကျယ်ကျယ်ပြန့် ပြန့် လျှောက်လှမ်းနေတာလို့ ရှင်းပြပါတယ်။ လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများဟာ လူထုနှင့်တစ်သားတည်း နေထိုင်ကြဖို့နဲ့ လူထုကို ဦးဆောင်ရာမှာ ဖြောင့်ဖြောင့်မတ်မတ် ရှိကြဖို့လည်း ယာယီသမ္မတက သတိပေးခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ရန်လိုဟု ယာယီသမ္မတပြော
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီ လျှောက်လှမ်းနိုင်ရန်လိုဟု ယာယီသမ္မတပြော

▪️တီးတိန်မြို့မရဲစခန်းမှ ရဲနှစ်ဦး လက်နက်နဲ့ကျည်များယူ​ဆောင်လာကာ CDM ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ MA-3 သေနတ်နှစ်လက်နဲ့ ကျည်တောင့် နှစ်ရာကျော် ယူဆောင်လာပြီး ပြည်သူနှင့် လာရောက်ပူးပေါင်းတယ်လို့ PDF- Zoland က သတင်းထုတ်ပြန်ပါတယ်။ စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်သားနှစ်ဦးဟာ သြဂုတ် ၂၀ ရက်က တာဝန်ချိန်အတွင်း လက်နက်ခဲယမ်းများယူဆောင်ကာ ထွက်ပြေးလာခဲ့တာလို့ ဖော်ပြပါတယ်။ အဲဒီ ရဲတပ်သားနှစ်ဦးဟာ MA-3 သေနတ်နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာခဲ့ရာ ဆုကြေးငွေ ကျပ် ၁၀၀ သိန်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)
(ပြည်သူနှင့် ပူး​ပေါင်းလာ​သော ရဲ နှစ်ဦးကိုဂုဏ်ပြု​ငွေချီးမြှင့်စဥ်။ဓါတ်ပုံ-PDF-Zoland)

▪️စစ်ရေးကြောင့် မင်းတပ်-ကျောက်ထုလမ်းကို ဒီနေ့ကစလို့ သွားလာခြင်းမပြုဖို့ CDF တားမြစ်

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုရှိနေလို့ ခရီးသွားပြည်သူများအနေနဲ့ မင်းတပ်-ကျောက်ထုလမ်းပိုင်းကို ဒီနေ့ကစလို့ သွားလာခြင်းမပြုဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က တားမြစ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညပိုင်းက မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ဒီနေ့ မနက်ပိုင်းမှာလည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကျောက်ထုတပ်မှ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဆောမြို့နယ် ရင့်ရဲရွာအနီး အချို့ရောက်ရှိလာပြီး အချို့မှာ လယ်ကွင်းအတိုင်း ဆင်းပြီး ချောင်းကူးကာ ယောမြို့ရွာ ဘက်ဦးတည်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်)
(ချင်းဒေသကာကွယ်ရေးတပ်(CDF)မင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CDF မင်းတပ်)

▪️ကနီနယ်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်စိတ်မှူးကို အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးစစ်ကြောင်းကို တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး တပ်စိတ်မှူးတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ULF တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။ သြဂုတ် ၂၀ ရက်က ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်း​ရဲ့ ရှေ့ပြေးကင်းထောက် ၂၅ ဦးဟာ နွားခြံကုန်းရွာအပြင်သို့ ရောက်ရှိလာစဉ် ULFတပ်ပေါင်းစုရဲ့ ကင်းပုန်းတပ်စုနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အရှင်ဖမ်းမိခဲ့တဲ့ တပ်စိတ်မှူးထွန်းဝင်းဆိုသူဆီက (၄၀) မမ ဗုန်းသီး ၂လုံး၊ ကျည် ၂၅၀နှင့် ကျည်ဘောက် နှစ်ခုသိမ်းဆည်းရရှိခဲ့တယ်လို့ ULF က ထုတ်ပြန်ပါတယ်။

(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ULF)
(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ULF)

▪️ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အရှေ့ခြမ်းရှိ ပြည်သူလူထုနေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။ တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံး မီးရှို့ခံရတာဖြစ်ပြီး တိုက်ပွဲမရှိဘဲ ဖျက်ဆီးခံရတာလို့ KNDF တာ၀န်ရှိသူက ပြောပါတယ်။ တနီးလာလဲ ကျေးရွာတစ်ဝိုက် တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လက စတင်ဖြစ်ပွားခဲ့ပြီး တပ်ရင်း သုံးရင်းဖြင့် စစ်ကောင်စီစစ်ကြောင်းထိုးခဲ့ကာ ဇွန်လဆန်းပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။

(တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံး စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်)
(တနီးလာလဲကျေးရွာရှိ နေအိမ်တစ်လုံး စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်)

▪️မြောင်ဒေသ နယ်လုံးကျွတ် ရေပေါ်သပိတ် ပြုလုပ်

စစ်ကိုင်းတိုင်း မြောင်ဒေသရှိ ကျေးရွာပေါင်း (၁၉)ရွာ စုပေါင်းကာ စက်လှေအစီးပေါင်း ၆၀ ကျော်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး မြောင်မြို့နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ရေပေါ်သပိတ်ကို လူထုအကျိုးပြု မြောင်လူငယ်ကွန်ရက် YfC-Myaung ၊ မြောင်နယ်ရှိ ဒေသခံပြည်သူများ ၊ ပင်မသပိတ်ကော်မတီဝင်များ၊ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ သပိတ်မှာပါဝင်တဲ့ ပြည်သူများက “အာဏာရှင်သွေးချုပ်ခြိမ်းဖို့ စစ်သုံးစစ်ကို တိုက်ဖျက်စို့” စာတန်းဖြင့် “ဘာစိတ်ဓာတ်လဲ သံမဏိစိတ်ဓာတ်” ၊ “ဘယ်အထိတိုက်မလဲ အဆုံးထိတိုက်မယ်” ၊ “သပိတ်၊သပိတ် မှောက်မှောက်”လို့ ဟစ်ကြွေးကာ လှေများဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။