Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ဓားပြတိုက်သူ ခုနစ်ဦးအား ပုဒ်မသုံးခုဖြင့် NUG တရားရုံးတွင် အမှုဖွင့်

သြဂုတ် ၁၀ရက် ညနေ ၃နာရီခန့်က မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ (၄)တွင် လက်နက်ကိုင်လူတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူအား သတ်ဖြတ်ကာ ဓားပြတိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

(ဖမ်းဆီးရမိထားသော ကျူးလွန်သူ ခုနစ်ဦးအားတွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပအဖ)
(ဖမ်းဆီးရမိထားသော ကျူးလွန်သူ ခုနစ်ဦးအားတွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပအဖ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သြဂုတ်ဒုတိယပတ် အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသည့် ခုနစ်ဦးအား ပုဒ်မသုံးခုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် အမှုဖွင့်အရေးယူထားကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၀ရက် ညနေ ၃နာရီခန့်က မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ (၄)တွင် လက်နက်ကိုင်လူတစ်စုက ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူအား သတ်ဖြတ်ကာ ဓားပြတိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်အား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကမြေပြင်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ကာ ကျူးလွန်သူများအား လက်ရဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ လူသတ်ဓားပြတိုက်သည့် ကျူးလွန်သူများဖြစ်သော ကျွဲကြီး(ခ)ဘိုငွေ၊ ပြုံးကြီး(ခ)ကျော်စိုးထွန်း၊ အောင်ကြီး(ခ)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခ)ကျော်သူစံ၊ တက်တူး(ခ)မိုးမင်းထက်၊ ကရင်(ခ)အောင်ဆန်းဦး၊ ကျားလေး (ခ)ဝင်းမင်းထက်တို့ ခုနစ်ဦးအား နေ့တွင်းချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅၊၃၉၆၊၃၉၇တို့ဖြင့် အမှုဖွင့်ပြီး တရားစွဲဆိုတင်ပို့နိုင်ရေးဆောင်ရွက်နေကြောင်း မုံရွာ(ပအဖ)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက်တစ်ရက် ဩဂုတ် ၁၁ ရက်တွင် ဖြစ်စဥ်၌ ကျူးလွန်ခဲ့သူ ခုနစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း၊ မုံရွာခရိုင်အခြေစိုက် GUARDIAN FORCE တပ်ဖွဲ့ခေါင်းဆောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် Live လွှင့်ပြီး ပြသခဲ့သည်။

လူသတ်မှုကျူးလွန်သူများသည် မုံရွာအခြေစိုက် Monywa Force အဖွဲ့အမည်ယူကာ တော်လှန်ရေးအယောင်ဆောင် အကြမ်းဖက်နေသူများဖြစ်ကြောင်း GUARDIAN FORCE တပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ပြစ်မှုကျူးလွန်တဲ့သူတွေကို NUGအနေနဲ့ ထိထိရောက်ရောက်အပြစ်ပေးအရေးယူသင့်ပါတယ်။ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ ခိုးဆိုးလုနှိုက်ကောင်တွေလည်း ပေါများလာတာအမှန်ပါပဲ။ ဒီ ခိုးဆိုးလုနိုက်ကောင်တွေကို စစ်ကောင်စီကလွတ်ပေးထားတာလည်းအမှန်ပါပဲ။ အခုလိုပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူ​တွေ အထင်အမြင်လွဲမှားအောင် PDFလိုလိုUGလိုလိုနဲ့ လက်နက်ကိုင်ပြီး ဓားပြတိုက်လုယက်နေတာကို လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ကာကွယ်ရေးအဖွဲ့ဖြစ်ခဲ့မယ်ဆိုရင်တောင် နောက်လူတွေထပ်မလုပ်ရဲအောင် NUGအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သင့်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလုယက်ပြီးအကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်နေတဲ့စစ်ကောင်စီနဲ့ မည်သည့်အဖွဲ့အစည်းကိုမဆိုတိုက်ခိုက်ချေမှုန်းသွားမှာပါ”ဟု မုံရွာခရိုင်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သေဆုံးသူ ကိုယ်ဝန်ဆောင်မိခင်သည် ဆွေမျိုးတစ်ဦးနှင့်အတူ နေအိမ်၌ ရှိနေချိန် အရပ်၀တ် လက်နက်ကိုင်ဆောင်သူများက ဆိုင်ကယ် များဖြင့် ရောက်ရှိလာခဲ့သည်။ ထို့နောက် နေအိမ်အတွင်းဝင်ရောက်ကာပစ်ခတ်ခဲ့ပြီး ဆွေမျိုးဖြစ်သူ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကိုယ်ဝန်ဆောင်မိခင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအားသတ်၍ ဖုန်းနှစ်လုံး၊ ဆိုင်ကယ်တစ်စီးအား ယူဆောင်သွားခဲ့သည်။

အသတ်ခံရသည့် အမျိုးသမီးသည် ပြီးခဲ့သည့် ဇွန်လ ၁ရက်က မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်ဒုတိယပတ်အတွင်း သားဦးယောကျာ်းလေးအား မွေးဖွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။