စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။
ယမန်နေ့(သြဂုတ် ၂၀ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြည်သူများအား စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်သား ငါးဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သားလေးဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ခုခံပစ်ခတ်ခဲ့၍ သေနတ်တစ်လက်သာ ကောက်ယူနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“သူတို့နားကားရပ်ပြီး ကားပေါ်ကနေ ပစ်တာပါ။လမ်းပေါ်မှာ ဒီကောင်တွေ ငါးကောင်ရှိပါတယ်။ လေးကောင်ကို အပိုင်ပစ်နိုင်လို့ နေရာတင်သေဆုံးသွားပေမယ့် တစ်ကောင်လွတ်သွားလို့ အဲ့ကောင်က နေရာယူပြီးပြန်ပစ်တယ်ဗျ။ အဲဒါကြောင့် ရဲဘော်တွေက နီးရာတစ်လက်ပဲ ကောက်ယူပြီး ပြန်ဆုတ်ခွာခဲ့တာပါ”ဟု ကိုလင်းယုန်က ပြောသည်။

Public Service Announcement
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်တွင် အိမ်စီးကားများဖြင့်ပါ လှည့်လည်စစ်ဆေးနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို Golden Eagle Force-Monywa အဖွဲ့က ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(24)(Monywa ranger group truth army)၊ ကြယ်နီတပ်ဦး (pla)၊ brother revolution force-monywa နှင့် Ka Naung Min Thar Gyi-Monywaတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
သြဂုတ် ၁၃ ရက် ညနေ ၅နာရီခွဲခန့်ကလည်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးအဖြစ် မုံရွာမြို့ရှိ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်။


















































