ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းအပြီး မှတ်တမ်းဓာတ်ပုံများကို TNLAက ယနေ့ ထပ်မံ ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၁၀ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၅ရက်တွင် နမ့်ခမ်းရဲစခန်းအပါအဝင် နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခု၊ နမ္မတူမြို့နယ်နှင့် မန်တုံမြို့နယ်ရှိ တပ်စခန်း ၂ခု စုစုပေါင်း တပ်စခန်း ၅ခုကို TNLAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ဖော်ပြခဲ့သည့် နမ့်ခမ်းရဲစခန်း သိမ်းပိုက်မှု မှတ်တမ်းဓာတ်ပုံများတွင် လုံခြုံရေးကင်းဘန်ကာများ အခိုင်အမာ တည်ဆောက်ထားသည့် နမ့်ခမ်းမြို့မရဲစခန်းရှေ့နှင့် ရဲစခန်းအတွင်း အလံတိုင်ရှေ့၌ TNLA ရဲဘော်များ စုစည်း၍ ဓာတ်ပုံရိုက်နေသည့် မြင်ကွင်းနှင့် မြို့တွင်း၌ လုံခြုံရေးယူထားသည့် အခြေအနေတို့ကို ဖော်ပြခဲ့သည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်း စုစုပေါင်း၃၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။ သိမ်းပိုက်သည့် စခန်းများတွင် စစ်ရေးအတွက် အရေးပါလှသော စစ်စခန်းကြီးများ ပါဝင်သည်။

Public Service Announcement

ထို့အပြင် ရှမ်းမြောက်သို့စစ်ကူလာရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့တွင် စစ်ကောင်စီ ကား ၄စီးနှင့် လက်နက်အချို့ကို သိမ်းပိုက်ရရှိခဲ့သည်။


















































